DVB Logo
Home
မြန်မာသတင်း
ကမ်းပါးပြိုကျမှုကြောင့် ပခုက္ကူကျေးရွာအချို့ ရွာလုံးကျွတ်ပြောင်းရွှေ့
DVB
·
July 8, 2013
ကမ်းပါးပြိုကျမှုကြောင့် ပခုက္ကူကျေးရွာအချို့ ရွာလုံးကျွတ်ပြောင်းရွှေ့
Donate to DVB

မကွေးတိုင်း ပခုက္ကူမြို့နယ်ထဲမှာ ကမ်းပါးပြိုကျမှုကြောင့် မရိုးကုန်း တရွာလုံးကို မနေ့က ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပြီး သိမ်ကုန်းကျေးရွာကိုတော့ ဒီနေ့ အပြီး ပြောင်းရွှေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့နယ်မှာ အရင်နှစ်တွေက မိုးရာသီမှာ ဧရာဝတီမြစ်ရေလျှံမှုကြောင့် အခုလိုမျိုး ကမ်းပါးပြိုကျလေ့ ရှိပေမယ့် ဒီနှစ်က ပိုဆိုးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘေးလွတ်ရာ ပြောင်းရွှေ့နေရတဲ့ ရွာသားတွေရဲ့အခြေအနေနဲ့ ပတ်သက်ပြီး သိမ်ကုန်းရွာသား ဦးတင့်လွင်က “ပြီးခဲ့တဲ့လ ၂၂ ရက်ကစပြီး ဖြစ်ပါတယ်။ ရွာလုံးကျွတ်ပြောင်းရမှာပါ။ တရွာကတော့ ကုန်သွားပါပြီ။ ပြောင်းရွှေပြီးတော့ ယာယီပေါ့။ နေရာအတည်တကျတော့ မရှိသေးပါဘူး။ နယ်မြေ ကုန်ဆုံးသွားတဲ့အတွက် ကျွန်းညိုကြီးရွာမှာ တောင်းပန်ပြီး သွားနေနေပါတယ်။ ကမ်းပါးပြိုတဲ့အနေအထားက တနေ့ကို ပေ ၂၀ ကနေ ၃၀ လောက်အထိ ပြိုပါတယ်။အရင်နှစ်တွေကလည်း ပြိုပါတယ်။ အရင်နှစ်တွေက လယ်ယာမြေတွေ ကုန်ဆုံးခဲ့ပါတယ်။ ဒီနှစ်တော့ ရွာမှာ လာပြီးထိခိုက်တဲ့အတွက်  နေလို့မရဘူး၊ အစိုးဆုံးအခြေအနေပဲ” လို့ ပြောပါတယ်။

[caption id="attachment_41375" align="alignright" width="300" caption="ဓာတ်ပုံ - မြန်မာ့အလင်း"][/caption]

မရိုးကုန်းကျေးရွာမှာ လူဦးရေ ၃၈၀ လောက် နေထိုင်ပြီး သိမ်းကုန်းကျေးရွာကတော့ လူဦးရေ ၄၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ နေအိမ်တွေကိုလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့က ပြန်လည်တည်ဆောက်ပေးသွားမှာဖြစ်ပြီး ရေကာတန်းတွေလည်း လုပ်ပေးသွားမယ်လို့ ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကမ်းနဲ့နီးလာတဲ့အတွက် ကြိုတင်ပြီး ရွှေ့ပြောင်းပေးထားတဲ့ သဘောပါပဲ။ လတ်တလော ယာယီရေကာတန်းတွေ လုပ်ပါတယ်။ ရေကာတန်းရဲ့ သဘောကတော့ သစ်ဖောင်၊ ၀ါးဖောင်၊ သစ်ကိုင်းသစ်ခက်တွေနဲ့ ကမ်းပါးကို ထိန်းပေးသလိုမျိုးပေါ့။”

ဒီနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာတော့ ကမ်းပါးပြိုကျမှုဒဏ်ခံခဲ့ရတဲ့ သိမ်းကုန် ကျေးရွာ အိမ်ခြေ ၁၀၀၊ မရိုးကုန်းကျေးရွာ အိမ်ခြေ ၉၄၊ မြင်းကုန်းကျေးရွာ အိမ်ခြေ ၁၄ အိမ်တို့ကို အချိန်မီပြောင်းရွှေ့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တချို့နေအိမ်နဲ့ ကျောင်းဆောင်တွေဟာ ရေထဲမျောပါမယ့် အခြေအနေမှာရှိနေတယ်လို့ ဖော်ပြထားကြပါတယ်။

ဇူလိုင် ၃ ရက်နေ့ကစပြီး ကမ်းပါးပြိုကျတဲ့ အန္တရာယ်ကနေ ကင်းလွတ်ဖို့အတွက် ဘေးလွတ်ရာကို ပြောင်းရွှေ့နေရတဲ့ ကျေးရွာတွေမှာ ရှားတော၊ ထနောင်းကုန်း စတဲ့ရွာတွေလည်း ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013