
တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ လက်ရှိအချိန်ထိ ၃၄ သန်းကျော်ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၁ သန်း ကျော်ရှိပြီလို့ Worldometers ဝက်ဆိုက်မှာ ဖော်ပြပါတယ်။
ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၇ ဒသမ ၄ သန်းကျော်နဲ့ သေဆုံးသူ ၂၁၁,၂၈၆ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၆ ဒသမ ၃ သန်းကျော်နဲ့ သေဆုံးသူ ၉၈,၆၁၆ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၄ ဒသမ ၇ သန်းကျော်နဲ့ သေဆုံးသူ ၁၄၃,၂၄၃ ယောက်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ ရှိနေတာပါ။
လတ်တလောမှာတော့ အဲဒီနိုင်ငံ ၃ နိုင်ငံပေါင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေဟာ ကမ္ဘာတဝန်း ရောဂါကူးစက်ခံရသူစုစုပေါင်းဦးရေရဲ့ ထက်ဝက်ကျော်လောက်ရှိနေပါတယ်။
အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ ဒသမ ၁ သန်းကျော်၊ သေဆုံးသူ ၂၀,၇၂၂ ယောက်နဲ့ ရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါအသွင် ပျံ့နှံ့ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (ဒဗလျူအိပ်ပ်ချ်အို) က ဒါကို နိုင်ငံတကာ အရေးပေါ် ကျန်းမာရေးကိစ္စအနေနဲ့ မတ်လ ၁၁ ရက်က ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်ကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ပ်ချ်အို) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် မရခင်မှာ ရောဂါထိန်းချုပ်ရေးကို ညီညီညွတ်ညွတ် မလုပ်ဆောင်ပါက ရောဂါကြောင့် သေဆုံးသူအရေအတွက် ၂ သန်းအထိ ရှိလာနိုင်တယ်လို့ ထပ်မံပြီး သတိပေးလိုက်ပါတယ်။
ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၂၉၁ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၄၃ နေရာထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အီရတ်နိုင်ငံတွေက ကူးစက်ခံရသူ ဦးရေ ၄၅၇,၂၁၉ ယောက်၊ ၃၆၃,၄၇၉ ယောက်၊ ၃၆၂,၉၈၁ ယောက်စီနဲ့ အသီးသီးရှိပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၃၁၁,၆၉၄ ယောက်နဲ့ သေဆုံးသူ ၅,၅၀၄ ယောက်၊ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၂၈၇,၀၀၈ ယောက်၊ သေဆုံးသူ ၁၀,၇၄၀ ယောက်နဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။
စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၇,၇၆၅ ယောက်နဲ့ ကူးစက်မှုမြင့်တက်နေပေမယ့် သေဆုံးသူအရေအတွက်ကတော့ တိုးမလာဘဲ ၂၇ ယောက်မှာတင် ရပ်တန့်နေခဲ့ပါတယ်။
လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ ကိုဗစ်-၁၉ ရော ဂါကူးစက်ခံရသူဦးရေ ၁၃,၃၇၃ ယောက်၊ သေဆုံးသူ ၃၁၀ ယောက်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၃,၅၆၄ ယောက်နဲ့ သေဆုံးသူ ၅၉ ယောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၀၉၄ ယောက်နဲ့ သေဆုံးသူ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၄၆ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။
ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၇၇ ယောက်နဲ့ ၂၃ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူးစက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်နေပါတယ်။










