DVB Logo
Home
မြန်မာသတင်း
 ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် အရင်ကထက် ၁ဝ ဆ ကူးစက်မြန် ပြင်းထန်
DVB
·
September 30, 2020
 ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် အရင်ကထက် ၁ဝ ဆ ကူးစက်မြန် ပြင်းထန်
Donate to DVB

လက်ရှိဖြစ်နေတဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ဟာ အရင်ထက် ၁၀ ဆ ကနေ အဆ ၂၀ အထိ ကူးစက်မြန်ပြီး ပြင်းထန်သလို လတ်တလောမှာတော့ လူအများဆီမှာ ကိုယ်ခံအားရဖို့ကို မဖြစ်နိုင်သေးဘူးလို့ ဆေးပညာရှင်တွေက ပြောပါတယ်။

အွန်လိုင်းကနေ မေးမြန်းကြတဲ့ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ မေးခွန်းကို ကျန်းမာရေး ပညာရှင်တွေက ဖြေပေးတဲ့ ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အစီအစဉ်မှာ ပြောခဲ့တာပါ။

ပါမောက္ခ ဒေါက်တာ ညွန့်သိန်းက “G614 ရဲ့ ထူးခြားချက်က အားလုံးသေချာတာ တခုက နံပါတ်တစ် သူသည် အကူးသိပ်မြန်တယ်။ ကူးတာမှ တချို့ ၁၀ ဆ၊ အဆ ၂၀ ပိုများပါတယ်။ ဒါက နံပါတ်တစ် သိပ်သေချာပါတယ်။ နံပါတ်နှစ် သူက နဂိုတုန်းက D ထက်စာရင် G က တွယ်ကပ်မှုပိုဖြစ်တယ်။ သူက အသက်ရှူလမ်းကြောင်းထဲ ဝင်သွားရင် ပိုပြီးတွယ်ကပ်မှုများပါတယ်။ တွယ်ကပ်မှုပိုများတယ် ဆိုကတည်းက တော်တော်နဲ့ သူက ပြန်မထွက်တဲ့ သဘောပါ။ နံပါတ်သုံးက ဝင်သွားတဲ့ ပိုးအကောင်ရေ Viral Load လို့ခေါ်ပါတယ်။ Viral Load လည်း ပိုများတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ပထမလှိုင်းတုန်းက သိပ်မဖြစ်ခဲ့တာဟာ လူတွေက လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာလိုမျိုးတွေကို ဂရုစိုက်ခဲ့တာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒုတိယလှိုင်းမှာတော့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ မပြင်းထန်ဘူးဆိုတဲ့ အယူအဆ ကြောင့် အနေအထိုင်မဆင်ခြင်ကြတာကြောင့်လို့လည်း ပြောပါတယ်။

ပြီးတော့ ဒီကပ်ရောဂါကြီးပျောက်သွားဖို့အတွက်  နိုင်နိုင်နင်းနင်းကုနိုင်မယ့်ဆေး ပေါ်လာရင်၊ လုံးဝကာကွယ်နိုင်မယ့်ဆေး ပေါ်လာရင်မှ ဖြစ်နိုင်မယ်လို့ သူက ဆက်ပြောပါတယ်။

“စခါစမှာ တချို့နိုင်ငံကြီးတွေက အဲဒါလုပ်လိုက်ပြီးတော့ ဒုက္ခရောက်သွားတာ။ Herd Immunity လို့ ခေါ်ပါတယ်။ ရောဂါကို ပေးဖျက်လိုက်ပြီးတော့ လူရဲ့ လူတွေရဲ့ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း ဖြစ်သွားပြီး လူတွေက ရောဂါပြီးသွားတ ယ်ပေါ့။ Herd Immunity ကိုအားကိုးပြီး ပထမပိုင်းတုန်းက ဒါကြီးကတော့ သိပ်မဖြစ်လောက်ပါဘူးဆိုပြီးတော့ လုပ်ခဲ့တဲ့ USA နဲ့ UK မှာ အားလုံး သိတဲ့အတိုင်းပါပဲ။ USA ဆိုရင် ထိပ်ဆုံးကို ဖြစ်သွားတယ်။ သိန်းနဲ့ သန်းနဲ့ချီဖြစ်ကုန်ကြပါတယ်။ အဲဒီတော့ Herd Immunity ကို မေ့ထားရတော့မယ်” လို့ ပြောပါတယ်။

ကမ္ဘာပေါ်မှာ ကာကွယ်ဆေးပေါင် ၂၀၀ ကျော်စမ်းသပ်နေပြီး အဆင့် ၃ ကိုကျော်သွားတာ ၇ ခုလောက်ပဲ ရှိသေးတယ်လို့လည်း သူက ပြောပါတယ်။

ဖြေဆိုရာမှာ ပါဝင်တဲ့ ရောဂါနှိမ်နင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန္တာလွင်ကလည်း ရောဂါတွေ့သူနဲ့ ထိတွေ့ပတ်သက်ခဲ့သူ အယောက် ၁၀၀ ကို စစ်ဆေးရင် ၁၈ ယောက်မှာ ပိုးတွေ့ရတယ်လို့လည်း ပြောပါတယ်။

ဗီတာမင် စီ၊ ဒီနဲ့ ဇင့်လို ဆေးတွေကို မဖြစ်မနေ သောက်ဖို့လိုလားဆိုတဲ့ မေးခွန်းကိုတော့ ပါမောက္ခ ဒေါက်တာကျော်မြင့်က ဖြေပြီး အနောက်တိုင်းနိုင်ငံတွေရဲ့ သုတေသနတွေမှာ အမျိုးမျိုးပြောဆိုကြတယ်လို့ပဲ ဆိုပါတယ်။ သောက်သင့်လား ဆိုတာကိုတော့ မပြောခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ  ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၂,၄၂၅ ယောက်၊ သေဆုံးသူ ၂၈၄ ယောက်အထိ ရှိပြီး  ဆေးရုံကဆင်းခွင့်ပြုခဲ့သူကတော့  ၃,၃၉၁ ယောက် ရှိပြီလို့ ကျန်းမာရေးဌာနရဲ့ မနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013