DVB Logo
Home
မြန်မာသတင်း
London စီးကရက်စက်ရုံ တည်ဆောက်မည်
DVB
·
July 5, 2013
London စီးကရက်စက်ရုံ တည်ဆောက်မည်
Donate to DVB

British American Tobacco (BAT) ကုမ္ပဏီနဲ့ ပြည်တွင်းမှာ လူသုံးကုန်ပစ္ပည်းတွေကို ဖြန့်ချိနေတဲ့ (IMU) ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး အမေရိကန်ဒေါ်လာ သန်း ၅၀ လောက် ကုန်ကျမယ့် လန်ဒန် (London) စီးကရက်စက်ရုံတရုံကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

British American Tobacco Myanmar Ltd ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ Rehan Baig က “ကျနော်တို့ကုမ္ပဏီ အနေနဲ့ မြန်မာပြည်ဈေးကွက်မှာ ဦးဆောင်မှုရရှိခဲ့တဲ့အစဉ်အလာကောင်းတွေ ရှိခဲ့ပြီးတော့ ဒီအစဉ်လာကိုလည်း  partner company တခုနဲ့ ပြန်လည်တည်ဆောက်သွားဖို့ ရည်မှန်းထားပါတယ်။

ဒီလိုဖက်စပ်လုပ်ကိုင်ခြင်းက ကျနော်တို့အတွက်လည်း အခုလို တိုးတက်မှုရှိနေတဲ့ စီးပွားရေးဝန်းကျင်မှာ ရေရှည်တည်တံ့အောင်မြင်တဲ့နေရာတခုကို ရရှိစေမှာပါ” လို့ ရန်ကုန်မြို့မှာ ဇူလိုင် ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာကုန်ပစ္စည်းအမှတ်တံဆိပ်တွေနဲ့ ထုတ်လုပ်မှုအတွက် ပူးပေါင်းတာဝန်ယူရုံသာမက ရေရှည်မျှော်မှန်းပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ ပြည်တွင်းက အရည်အချင်းရှိတဲ့သူတွေကို နည်းပညာကျွမ်းကျင်မှုနဲ့အတူ စီမံခန့်ခွဲမှုစွမ်းရည်တွေပါ ဖွံ့ဖြိုးတိုးတက်လာဖို့ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ကနဦးအနေနဲ့ ၀န်ထမ်း ၄၀၀ နီးပါးကို ခန့်ထားသွားမှာ ဖြစ်သလို ဒေသထွက် ဆေးရွက်ကြီးတွေရဲ့အရည်အသွေးနဲ့ အထွက်နှုန်း တိုးတက်ဖို့အတွက် ပြည်တွင်းက ဆေးရွက်ကြီးစိုက်ပျိုးတဲ့သူတွေနဲ့လည်း  ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် နီကန်ဒရို ဒူရမ်သဲလ် (Nicandro Durante) ကလည်း “နိုင်ငံတကာပိတ်ဆို့မှုတွေ ရပ်ဆိုင်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့တိုးတက်ဖွံ့ဖြိုးလာမှုက ကျနော်တို့အနေနဲ့ အမှန်တကယ် စိတ်လှုပ်ရှားရပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့စီးပွားရေးနဲ့လှုမှုရေးဖွံ့ဖြိုးမှုတွေ ဆက်လက်တိုးတက်အောင် ဆောင်ရွက်ရာမှာ ကျနော်တို့လည်း ပါဝင်ဆောင်ရွက်သွားမှာဖြစ်တယ်။ ဒီအတွက် မြန်မာနိုင်ငံလို အလားအလာကောင်းတဲ့ ဈေးကွက်လိုနေရာမျိုးမှာ ကမ္ဘာကုမ္ပဏီကြီးစာရင်းဝင်ဖြစ်တဲ့ ကျနော်တို့ ကုမ္ပဏီကလည်း နေရာတခုရရှိဖို့အတွက် တည်ဆောက်ထားခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြည်တွင်းလုပ်ငန်းစု အိုင်အမ်ယူကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ စပ်ခွန်စံအောင်က ကမ္ဘာ့ကုမ္ပဏီတခုဖြစ်တဲ့ British American Tobacco (BAT) နဲ့ အခုလို အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ခြင်းကြောင့် ကုန်ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးတဲ့နေရာမှာ ပြည်ပက ကျွမ်းကျင်ပညာရှင်တွေနဲ့ အတူတကွ ပူးတွဲဆောင်ရွက်နိုင်မှာဖြစ်လို့ နည်းပညာနဲ့ အတူ စီးပွားရေးတိုးတက်မှု ရရှိမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

BAT ကုမ္ပဏီအနေနဲ့ နိုင်ငံပေါင်း ၁၈၀ ခန့်မှာ ထိပ်တန်း ဦးဆောင်နေတဲ့ Tobacco ကုမ္ပဏီအုပ်စုကြီးတခု ဖြစ်ပြီး အမှတ်တံဆိပ်ပေါင်း ၂၀၀ ကျော်ရှိကာ ကမ္ဘာ့စီးကရက်သောက်သုံးသူ ၁ ဘီလီယံရဲ့ ၁၀ ရာခိုင်နှုန်းက BAT အမှတ်တံဆိပ် စီးကရက်ကို ရွေးချယ်သောက်သုံးနေတယ်လို့ သိရပါတယ်။

ရန်ကုန် ရွှေသံလျင် စက်မှုဇုန်မှာ BAT အမှတ်တံဆိပ် လန်ဒန်စီးကရက်စက်ရုံကို တည်ဆောက်သွားမယ်လို့ သိရပါတယ်။ လန်ဒန်စီးကရက်ကို BAT ကုမ္ပဏီက ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းကလည်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ အကျိုးတူပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013