DVB Logo
Home
မေးမြန်းခန်း
ပြန်ကြားရေးနဲ့ အနာဂတ်မှာ ပူးတွဲလုပ်ဖို့ အခွင့်အလမ်း နည်းသွားပြီ – စာနယ်ဇင်းကောင်စီ
DVB
·
July 8, 2013
ပြန်ကြားရေးနဲ့ အနာဂတ်မှာ ပူးတွဲလုပ်ဖို့ အခွင့်အလမ်း နည်းသွားပြီ – စာနယ်ဇင်းကောင်စီ
Donate to DVB

စာနယ်ဇင်းကောင်စီ (ယာယီ) အနေနဲ့ ရှေလျှောက်  ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ အခွင့်အလမ်းနည်းသွားပြီးလို့ ရန်ကုန်မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

[caption id="attachment_41355" align="alignleft" width="300" caption="ဦးဇော်သက်ထွေး (ဓာတ်ပုံ - ဖေ့စ်ဘုတ်)"][/caption]

စာနယ်ဇင်းလောကသားတွေ ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြတဲ့ ပြန်ကြားရေးဝန်ကြီး ဌာနကတင်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြည်သူ့လွှွှတ်တော်က ဇူလိုင် ၄ ရက်နေ့က အတည်ပြုပေးလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စာနယ်ဇင်းကောင်စီက ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးဇော်သက်ထွေးကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို အဓိက ဘယ်အချက်တွေကို ထုတ်ဖော်ရှင်းလင်းတာပါလဲ။

“ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်းကောင်စီဟာ မီဒီယာရဲ့ လွတ်လပ်ပွင့်လင်းမှုတွေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အတူပူးတွဲလုပ်ဆောင်ကြမယ်ဆိုတဲ့ဟာတွေဟာ အခြေအနေ အကြောင်းကြောင်းတွေကြောင့် သဘောတူညီချက်တွေ ပြိုပျက်သွားတယ်ဆိုတာ အဓိက မီဒီယာတွေကို ခေါ်ယူပြီး ရှင်းလင်းတာ ဖြစ်ပါတယ်။

“အထူးသဖြင့် စာနယ်ဇင်းကောင်စီရဲ့ အဓိက တာဝန်ဖြစ်တဲ့ မီဒီယာဥပဒေရေးဆွဲရေးမှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီမိုကရေစီကို အာမခံနိုင်တဲ့ ဥပဒေကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောမှာ ဒီအခြေအနေကို မတွေ့ရဘဲ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတဲ့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေမူကြမ်းကသာ ပြည်သူ့လွှတ်တော်မှာ အတည်ပြုသွားပြီ။ ကျနော်တို့ စာနယ်ဇင်းကောင်စီက ရေးဆွဲတဲ့ မီဒီယာဥပဒေဟာ အခုချိန်ထိ တင်သွင်းခြင်းမပြုသေးတာ တွေ့ရပါတယ်။ ဒါကြောင့်မို့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မီဒီယာတွေကို ခေါ်ယူပြောပြပြီး ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတဲ့ ဥပဒေဟာ ကျနော်တို့အကြံပေးတာတွေ မပယ်ဖျက်၊ မဖြုတ်ပယ်တဲ့အတွက် လက်မခံနိုင်ကြောင်း ပြောဆိုရှင်းလင်းရတာပါ။”

ဥပဒေကြမ်းမှာပါတဲ့ ဘယ်အချက်တွေကို စာနယ်ဇင်းကောင်စီ (ယာယီ) က အကြံပေးပြီး ပယ်ခိုင်းတာလဲ။ ဥပမာ ပြောပေးပါ။

"အဓိက မှတ်ပုံတင်အရာရှိထံမှာ လျှောက်ထားရမည်ဆိုတဲ့အချက်ပါ။ ကျနော်တို့က မူပိုင်ခွင့်နဲ့ မော်ကွန်းဌာနဆိုပြီး ပြင်ဆင်ခိုင်းပါတယ်။ ဒီမိုကရေစီခေတ်မှာ ဘယ်သူ့ဘယ်သူကိုမှ စာအုပ်ထုတ်ဝေချင်တဲ့အတွက် လျှောက်ထားရမယ်ဆိုတဲ့ အချက်ကို ကျနော်တို့ မလိုလားလို့ပါပဲ။ ဘာလို့လဲဆိုတော့ ၁၉၆၂ ပုံနှိပ်ဥပဒေမှာ ပါဝင်ခဲ့တဲ့အတိုင်း ဖြစ်နေလို့ပါ။ အဲလို လုပ်ခြင်းအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာနကနေပြီး မီဒီယာလောကထဲမှာ ကျနော်တို့ ပြန်ပြီး ဩဇာအာဏာကို ယူထားတဲ့အချက်ကိုလည်း ထင်ရှားနေပါတယ်။ ဒါကြောင့် ဒီအချက်ကို ပယ်ဖျက်ပေးဖို့ ကျနော်တို့ အချင်းချင်း သဘောတူခဲ့ပေမယ့် ဒီဟာ ပြည်သူ့လွှတ်တော်မှာ ပါသွားတဲ့အတွက်ကြောင့် အခုလို ပြောဆိုရခြင်းဖြစ်ပါတယ်။"

ပြည်သူ့လွှတ်တော်မှာလည်း အားကစားယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေးကော်မတီဆိုတာ ရှိပါတယ်။ ဒီကော်မတီဟာ အရင် စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးကြားမှာ ၀င်ရောက်ညှိနှိုင်းပေးနေတယ်။ အဲဒီကော်မတီမှာပါသူတွေလည်း ပြည်သူ့လွှတ်တော်မှာ ရှိနေပါတယ်။ သူတို့က ဒီအချက်တွေနဲ့ ပတ်သက်ပြီး ၀ိုင်းဝန်း မဆွေးနွေးပေးပဲနဲ့ အတည်ပြုပေးခဲ့တဲ့အပေါ် ဘာပြောချင်လဲ။

“အဲဒါလည်း အံ့ဩရပါတယ်။ ကျနော်တို့ မီဒီယာဥပဒေမူကြမ်း ရေးဆွဲပြီးတဲ့အချိန်မှာ ရန်ကုန်မှာ အားကစားယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေးကော်မတီရော၊ ဥပဒေမူကြမ်းကော်မတီက အဖွဲ့ဝင်တဦးရော၊ ကျနော်တို့ စာနယ်ဇင်းကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းခဲ့တာတွေ ရှိပါတယ်။ အဲလို ညှိနှိုင်းခဲ့တဲ့ ရည်ရွယ်ချက်က ကျနော်တို့က မီဒီယာနဲ့ ပြည်သူတွေကြားထဲမှာ တရားမျှတတဲ့၊ လွတ်လပ်တဲ့ မီဒီယာဥပဒေ ပေါ်ပေါက်လာဖို့ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီးတော့ ပြန်ကြားရေးက တင်တဲ့ ပုံနှိပ်ဥပဒေရော၊ စာနယ်ဇင်းကောင်စီက တင်တဲ့ မီဒီယာဥပဒေရော အတူတူ လွှတ်တော်မှာ သွားတဲ့အခါ လွှတ်တော်က နှစ်ခုလုံးကို ခွဲခြမ်းဝေဖန် စိတ်ဖြာပြီးတော့ ဥပဒေအတည်ပြုရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြတာပါ။ ဒါပေမယ့် မျှော်လင့်ထားတဲ့ဟာက အခုချိန်မှာ ပြည်သူ့လွှတ်တော်မှာ မဖြစ်ပေါ်ခဲ့ပါဘူး။ ဒါကြောင့် မီဒီယာသမားတွေက ချုပ်ချယ်ကန့်သတ်တယ်လို့ထင်တဲ့ ဥပဒေတွေကို မဖယ်ရှားနိုင်တာရော၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေကနေပြီး ပေါ်ထွက်လာတဲ့ ပါတီတွေက ကိုယ်စားလှယ်တွေကလည်း မထောက်ပြနိုင်ခဲ့ပါဘူး။ ဒါတွေနဲ့ပတ်သက်ပြီး တော်တော် ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။”

ကန့်ကွက်နေတဲ့ကြားထဲ ပုံနှိပ်ထုတ်ဝေဥပဒေကြမ်းကို အတည်ပြုလိုက်ပြီဆိုတော့ စာနယ်ဇင်းကောင်စီ (ယာယီ) က ပြန်ကြားရေးနဲ့ ဆက်ပြီး လက်တွဲသွားဖို့ ရှိသေးလား။ ဘယ်လို ရည်ရွယ်ထားလဲ။

"ဒီနေ့ သတင်းစာရှင်းပွဲမှာ ကျနော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်ကို ကြေညာခဲ့တာ ရှိပါတယ်။ အဲဒါကတော့ ပြည်သူ့လွှတ်တော်က အတည်ပြုပြီးသား ပုံနှိပ်ရေးနဲ့ ထုတ်ဝေးရေး ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်က ပြန်လည်ပြင်ဆင်ပေးဖို့ မျှော်လင့်ထားတာ တချက်ရှိပါတယ်။ ပြင်ဆင်ခွင့်ရဖို့ကလည်း စာနယ်ဇင်းကောင်စီဝင်တွေက နေပြည်တော် ပြည်သူ့လွှတ်တော်မှာရှိတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကို သွားရောက် ရှင်းလင်းတင်ပြဖို့ ပြင်ဆင်ထားပါတယ်။ နောက် ဒီအချက်အလက်ပေါ်မှာ နိုင်ငံတော်သမ္မတနဲ့ သမ္မတရဲ့ ဥပဒေအကြံပေးအဖွဲ့တွေက ဒီမိုကရေစီစနစ်ကိုသွားတဲ့ လမ်းကြောင်းပေါ်မှာ ဒါဟာ နောက်ကြောင်းပြန်စေတဲ့၊ ထိခိုက်စေတဲ့ အချက်အလက်ဖြစ်တဲ့အတွက်ကြောင့် သမ္မတကြီးအနေနဲ့ သုံးသပ်ပေးသင့်ပါတယ်လို့ ယူဆလို့ သုံးသပ်ရင်လည်း ဒါဟာ လက်ရှိအစိုးရဟာ ဒီမိုကရေစီ အင်အားစုတွေနဲ့အတူ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆန္ဒရှိတယ်ဆိုတာ ပေါ်လွင်ထင်ရှားမှာပါ။"

ပြန်ကြားရေးနဲ့ ဆက်ပြီးပူးပေါင်းလုပ်ဆောင်ဖို့ရော ဘယ်လိုရှိလဲ

“အခုအနေအထားကတော့ ပြန်ကြားရေးနဲ့ ကျနော်တို့ ဆက်ပြီးပူးပေါင်း လက်တွဲလုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းက အတော်နည်းသွားပါပြီ။ ဒါကြောင့် အနာဂတ်မှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ယုံယုံကြည်ကြည် ပူးတွဲလုပ်ဆောင်သွားနိုင်မယ့် အခွင့်အလမ်း နည်းသွားပြီလို့ပဲ ကျနော်ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013