DVB Logo
Home
မြန်မာသတင်း
ရွှေကူမြို့၌ ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ကျော်လွန်၊ နေအိမ်များရေဝင်ပြီး မိသားစုအချို့ ရွေ့ပြောင်း   
DVB
·
September 29, 2020
ရွှေကူမြို့၌ ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ကျော်လွန်၊ နေအိမ်များရေဝင်ပြီး မိသားစုအချို့ ရွေ့ပြောင်း   
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ  ဧရာဝတီမြစ်ရေကြီးနေပြီး မြို့ပေါ်ရှိ မြေနိမ့်ပိုင်း ရပ်ကွက် ၄ ခုစလုံးမှာ မြစ်ရေတွေဝင်ရောက်နေကာ ဒေသခံမိသားစု တချို့ ရေဘေးလွတ်ရာကို ရွေ့ပြောင်းနေရပါတယ်။  

ဧရာဝတီမြစ်ရေဟာ  ရွှေကူမြို့ရဲ့ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၉၃၀ စင်တီမီတာရဲ့ အထက်ကို ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၉၅၁ စင်တီမီတာအထိ မြင့်တက်လာနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထားတာကြောင့်  ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ 

ရွှေကူမြို့နယ် မိုးဇလဌာန ဦးစီးမှူး ဦးတိုးတိုးထွန်းက "ကျနော်တို့ စက်တင်ဘာ ၂၆ ရက်နေ့ကစပြီး ရေဘေးသတိပေးချက်ကို မြစ်ရိုးတစ်လျှောက်နဲ့ မြေနိမ့်ပိုင်း မြစ်ရေဝင်ရောက်နိုင်တဲ့ ရပ်ကျေးတွေကို နေ့တိုင်းမော်တော်နဲ့ လှည့်ပြီးကြေညာပေးနေပါတယ်။  မနေ့ကလည်း အမှတ် ၄ ရပ်ကွက်ထဲက ရေနစ်နိုင်တဲ့ အိမ်ထောင်စုနှစ်စုကို အမှတ် (၄) အလက စာသင်ကျောင်းမှာ ယာယီပြောင်းရွှေ့ပေးထားပါတယ်။ မြစ်ကြီးနားမြစ်ရေက အခုမှကျတာမို့ ရွှေကူမြို့အနေနဲ့ ရေဘေးသင့်အိမ်ထောင်စုထပ်တိုးလာနိုင်ပြီး လက်ရှိမှာ အိမ်ထဲအထိ ရေဝင်စပြုနေတဲ့ အိမ်ထောင်စုတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးဖို့ပြင်ဆင်နေကြပါပြီ” လို့ ပြောပါတယ်။

ရွှေကူမြို့ပေါ်ရပ်ကွက်အားလုံးရဲ့ မြေနိမ့်ပိုင်းအိမ်တွေထဲ ရေဝင်ရောက်နေသလို မြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာအားလုံးနီးပါးလည်း  မြစ်ရေကြီးမှုဒဏ်ခံနေကြရတာပါ။ 

လတ်တလော ရေဘေးကြောင့် ရွှေ့ပြောင်းရတဲ့  အိမ်ထောင်စု ၁၅ စု ရှိပြီး ရေဘေးသင့်အိမ်ထောင်စုတွေကို ရွှေကူမြို့အမှတ် ၄ ဘောဂဗလရပ်ကွက် အခြေခံပညာကျောင်း၊ မြဝတီဘုန်းတော်ကြီးကျောင်းနဲ့ အောင်တော်မူဘုရားရင်ပြင်တို့မှာ ယာယီ နေရာချထားပါတယ်။

ရွှေကူမြို့မှာ အရင်တုန်းကလည်း ရေကြီးတဲ့အခါ ရေဘေးဒုက္ခသည်တွေကို ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာထားလေ့ရှိပါတယ်။  အခုတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်  ကွာရန်တင်းဝင်နေသူတွေ ရှိတဲ့အတွက် နေရာအခက်အခဲတချို့ရှိနေပါတယ်။

ရွှေကူမြို့နယ်မီးသတ်စခန်းမှ ဒုဦးစီးမှူး  ဦးကျော်မျိုးလှိုင် က " ကျနော်တို့ အနေနဲ့ ဖြစ်ပေါ်လာတဲ့ သဘာဝဘေးအပေါ်မူတည်ပြီးတော့ ရွှေ့ပြောင်းရမယ့် အိမ်ထောင်စုတွေကို ကူညီဖို့ အသင့်အနေအထားမှာရှိပါတယ်။ အခုရေဘေးသင့် အိမ်ထောင်စုတွေအတွက်ဘုရား အာရုံခံတွေနဲ့ ဓမ္မာရုံတွေမှာ အဆင်သင့်ပြင်ဆင်ထားပြီးပါပြီ ကိုဗစ်ကာလဖြစ်နေတော့ ကျန်းမာရေးရှုထောင့်ကနေ ကြည့်ပြီးတော့ လူစုလူဝေးမဖြစ်အောင်လို့ ကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီး ကြိုတင်ပြင်ဆင်နေပါတယ်"လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေပြန်ကျနေပေမယ့် ဗန်းမော်မြို့မကျသေး တဲ့အတွက်ရွှေကူမြို့အနေနဲ့ စိုးရိမ်ရေမှတ်ထက်ကျော်လွန်လာတာလို့ သိရပါတယ်။

ရွှေကူမြို့မှာ ၁ နှစ် အတွင်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကို ၄ ကြိမ်မြောက်စံချိန်တင် ရောက်ရှိခဲ့ပြီး ၁၀ နှစ်အတွင်း ပထမဆုံးတစ်နှစ်ထဲနဲ့ လေးကြိမ်အထိရောက်ရှိခဲ့တာလို့ မြို့နယ်မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရုံးရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

 

သတင်း- ကျော်ဇေယျ CJ(ရွှေကူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013