DVB Logo
Home
မြန်မာသတင်း
အခြေခံဥပဒေ ပြင်ဆင်ရေး ပါတီများ လှုပ်ရှားဆောင်ရွက်
DVB
·
July 5, 2013
အခြေခံဥပဒေ ပြင်ဆင်ရေး ပါတီများ လှုပ်ရှားဆောင်ရွက်
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းက အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်သွားမှာဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ပါတီတွေကလည်း ပြင်ဆင်နေကြပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေးကော်မတီကို ဖွဲ့စည်းဖို့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပါတီတွေက အမတ်ဦးရေအချိုးစားအတိုင်း အမည်စာရင်း တင်သွင်းလိုက်ပြီးတဲ့နောက် ပါတီတွေ အခုလို လှုပ်ရှားနေကြတာပါ။

ဇူလိုင် ၆ ရက်နေ့ကနေစတင်ပြီးတော့ နေပြည်တော်မှာ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းက အလုပ်ရုံ ဆွေးနွေးပွဲလုပ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးသွားမယ်လို့  ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ပူဇိုဇမ်က ပြောပါတယ်။

ချင်းအမျိုးသားပါတီအနေနဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတကနေရွေးချယ်တာထက် ပြည်နယ်က လွှတ်တော်အမတ်တွေက ရွေးချယ်ခွင့်ရှိဖို့ကိစ္စကို ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ပြည်နယ်ဝန်ကြီးချုပ်ကို ကျနော်တို့ကိုယ်တိုင် ရွေးချယ်နိုင်မှ ကျနော်တို့လုပ်ငန်းတွေ အောင်မြင်နိုင်မယ်။ သမ္မတချပေးလိုက်တဲ့ ၀န်ကြီးချုပ်ဟာ လုပ်ရည်ကိုင်ရည်ရှိရင်တော့ ကိစ္စမရှိဘူးပေါ့။ လုပ်ရည်ကိုင်ရည်မရှိတဲ့ ၀န်ကြီးချုပ်တပါးရလိုက်တာနဲ့ ဒုက္ခရောက်ရော။ ဒါ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်ပဲ။ နောက် ဖက်ဒရယ်ကို ဖော်ဆောင်ချင်သူတွေဆိုတော့ ဘယ်လိုလုပ် ဖက်ဒရယ် ဖော်ဆောင်နိုင်မလဲဆိုတာပေါ့။”

ဒါ့အပြင် ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်သင့်တဲ့ အချက်တွေ၊ အခန်းတွေ၊ အပိုဒ်တွေကို ဆွေးနွေးသွားမှာ ဖြစ်တဲ့အပြင် တိုင်းရင်းသားနဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့ အပိုဒ်တွေကိုလည်း ဆွေးနွေးသွားမယ်လို့ တိုင်းရင်းသား လွှတ်တော်အမတ်တွေက ပြောပါတယ်။

ညီနောင်တိုင်းရင်းသား ပါတီတွေထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီနဲ့ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ ပါဝင်ပါတယ်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဗဟိုဥပဒေ အထောက်အကူပိုင်းက ဖတ်ရှုလေ့လာမှတ်သားနေသလို အမည်စာရင်း တင်သွင်းထားတဲ့ ကိုယ်စားလှယ် ၇ ဦးကလည်း တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆာင်ခဲ့တယ်လို့ ပါတီက ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က ပြောပါတယ်။

“အစိုးရအဖွဲ့ ၀န်ကြီးတွေခန့်ထားတာနဲ့ ပတ်သက်တာ ပါမယ်။ နောက် အရေးပေါ်ကာလ အခြေအနေနဲ့ ပတ်သက်တာ ပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနဲ့ ပတ်သက်တာလည်း ပါမယ်။ ဒီမိုကရေစီနည်း မကျတာတွေလည်း အကုန်ပါမှာပါ။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ဆိုင်တာဆို အဲဒါနဲ့ပတ်သက်တဲ့၊ အဲခေါင်းစဉ်ထဲရှိဟာတွေ အကုန်ပါမှာပါ။”

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီကတော့ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဆောင်ရွက်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပြည်သူ့ဆန္ဒနဲ့ အညီ ပါဝင်ထမ်းဆောင်နိုင်ဖို့ ကိစ္စတွေကို ပြင်ဆင်သွားမယ်လို့ ပါတီက ဦးခင်မောင်ဆွေက ပြောပါတယ်။

“အချုပ်အခြာအာဏာကို တိုင်းရင်းသားပြည်သူအားလုံးက ပိုင်ပြီး အချုပ်အခြာအာဏာကို တိုင်းရင်းသားပြည်သူအားလုံးထံမှ တိုက်ရိုက်ဖြေရှင်းရမည်ဆိုတဲ့အချက်ကို ပြင်ဆင်ဖြည့်စွက်ထားတယ်။ နောက် တပ်မတော်ဟာ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ပါဝင်ခွင့်ရှိတယ်၊ ပြည်သူဆန္ဒနဲ့အညီ ဦးတည်ဆောင်ရွက်ရမယ်ဆိုပြီး ပြင်ထားတယ်။ တတိယအချက်က အခြေခံဥပဒေခုံရုံးကို ညီညွတ်မျှတသွားအောင် လွှတ်တော်၊ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ ၃ ခုလုံးနဲ့ ပါဝင်ပတ်သက်မှုရှိအောင် အခြေခံဥပဒေခုံရုံးမှာ ပါဝင်ရမယ့် ပုဂ္ဂိုလ်ဦးရေကို ၁၅ ဦးလို့ သတ်မှတ်လိုက်တယ်။ ၁၅ ဦးထဲကမှ ၁ ဦးကို သမ္မတက ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး ဒါကို ဥက္ကဋ္ဌအဖြစ်ရွေးချယ်ဖို့ ဒီလိုသတ်မှတ်လိုက်ပါတယ်။”

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီကို ကော်မတီဝင်ပေါင်း ၁၀၀ ကျော်နဲ့ ဖွဲ့စည်းမှာဖြစ်ပြီးတော့ ဒီကော်မတီမှာ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ် ၅၀ ဦး၊ တပ်မတော်သား အမတ် ၂၅ ဦးနဲ့ အများဆုံး ပါဝင်မှာ ဖြစ်တယ်လို့ လွှတ်တော် အမတ်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013