DVB Logo
Home
မြန်မာသတင်း
ဒဂုံဆိပ်ကမ်း မထားစုကျေးရွာ လယ်မြေများကို အာဏာပိုင်များ သိမ်းဆည်း
DVB
·
July 5, 2013
Donate to DVB

ရန်ကုန်တိုင်ဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်မှာ လယ်မြေဧက ၁၀၀ လောက်ကို အုပ်ချုပ်ရေးပိုင်းက ဒီနေ့ ၀င်ရောက်ပြီး ခြံခတ်ခဲ့ပ့ါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်ရဲနဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေ အယောက် ၅၀ လောက်က မထားစုကျေးရွာမှာ လယ်သမား ၁၃ ဦး ထွန်ယက် လုပ်ကိုင်စားသောက်နေတဲ့ စပါးလယ်မြေဧက ၁၀၀ လောက်ကို အရုဏ်တက်လောက်မှာ ဝင်ရောက်သိမ်းဆည်းပြီး သံဇကာတွေခတ်ခဲ့တာပါ။

ဒေသခံ တောင်သူ ဦးလှဌေးက “၆ လပိုင်း ၁၈ ရက်နေ့ကစပြီး ဘိုးဘွားပိုင်လယ်မြေတွေပေါ်မှာ လယ်သမား ၁၃ ဦး စုပြီး ထွန်ယက်စိုက်ပျိုးတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကုမ္ပဏီ မန်နေဂျာနဲ့ လာတားသေးတယ်။ တဲဖျက်ပေးဖို့ ပြောတော့ မဖျက်ပေးနိုင်ဘူး။ ဘိုးဘွားပိုင် လယ်ယာမြေပေါ်မှာ ကျနော်တို့ ထွန်ယက်စိုက်ပျိုးချိန် စိုက်တာ။ လယ်သမားတွေ ၀မ်းစာရေးလုပ်ရမယ်၊ မိုးရာသီလည်း ရောက်ပြီလို့ ပြောလိုက်တယ်။ ဒီနေ့ မနက်အစော ၅ နာရီလောက်မှာ အာဏာပိုင်အဖွဲ့တွေနဲ့ ရဲအဖွဲ့ ၅၀ လောက်လာပြီး တဲကိုဖျက်ပြီး လမ်းပေါ်ပုံသွားတယ်။ ကျနော်တို့ ခတ်ထားတဲ့ ၀ါးကပ်တံခါးကိုဖျက်ပြီး ကျောက်တိုင်နဲ့ ၀င်မရအောင် ပိတ်ဆို့သွားတယ်။ ဘိုးဘွားပိုင်လယ်ယာမြေဖြစ်တယ် ဆိုတာ ပြေစာရှိတယ်။ ကြေးတိုင်နဲ့ မြေစာရင်းမှာလည်း မြို့နယ်၊ ခရိုင်တွေမှာလည်း မြေပုံနဲ့တကွ ပိုင်ဆိုင်တဲ့ လယ်ကွက်၊ လယ်ဧရိယာ၊ အမည်ပေါက်၊ ဘိုးဘွား၊ မိဘ နာမည်တွေ ရှိတယ်” လို့ ပြောပါတယ်။

ဒီလယ်ယာမြေတွေဟာ သူတို့ရဲ့ဘိုးဘွားပိုင်မြေတွေဖြစ်ပေမယ့် အိုးအိမ်ဦးစီးက ၁၉၉၅ ခုနှစ်လောက်က အစိုးရစီမံကိန်းဆောင်ရွက်ဖို့အတွက် သိမ်းဆည်းခံခဲ့ရတာလို့ ဦးလှဌေးက ပြောပါတယ်။

ဒါပေမယ့် ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း အစိုးရက စီမံကိန်းပျက်ပျယ်တဲ့ လယ်ယာမြေတွေကို မူလပိုင်ဆိုင်တဲ့သူတွေကို ပြန်လည်လုပ်ကိုင်ခွင့် ပေးခဲ့တဲ့သတင်းကြောင့် မနှစ်က မိုးရာသီကာလမှ သူတို့ရဲ့ဘိုးဘွားတွေပိုင်ဆိုင်ခဲ့တဲ့ ၉၈ ရပ်ကွက်နဲ့ ၄၄၆ ကျုံမနာကွင်းက ဒီမြေယာတွေပေါ်မှာ ဒေသခံ ၁၃ ဦး က ပြန်လည်လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။

အခုလက်ရှိ ဖြစ်ပွားနေတဲ့ ဒီလယ်ယာမြေပြဿနာနဲ့ ပတ်သက်ပြီး လယ်ယာမြေတွေ အသိမ်းခံရတဲ့ တောင်သူတွေအနေနဲ့ ဥပဒေအကြောင်းအရ ရင်ဆိုင်သွားမယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်ဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဒဂုံဆိပ်ကမ်းမြို့နယ်က အန်အယ်လ်ဒီပါတီအတွင်းရေးမှူး ဦးသန်းမြိုင်က “သူတို့လယ်တွေကို ဥပဒေကြောင်းအရ ပြန်လိုချင်တယ်။ ဒီလိုလယ်တွေကို ဥပဒေမဲ့ လုပ်သွားတာ လုံးဝလက်မခံဘူး။ အဲလယ်တွေကလည်း ဘိုးဘွားပိုင်လယ်တွေချည်းပဲတဲ့” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ပြည်နယ်နဲ့ တိုင်းဒေသကြီးနေရာအနှံ့မှာ လယ်သမားတွေရဲ့ လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး အစိုးရကတော့ လယ်ယာမြေနဲ့ အခြားမြေတွေ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပြီး ဖြေရှင်းနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013