DVB Logo
Home
မြန်မာသတင်း
သံတွဲဖြစ်ရပ်မှန်ဖော်ထုတ်ရန် အစိုးရကို သံဃာအဖွဲ့ တောင်းဆို
DVB
·
July 5, 2013
သံတွဲဖြစ်ရပ်မှန်ဖော်ထုတ်ရန် အစိုးရကို သံဃာအဖွဲ့ တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့က ပဋိပက္ခနဲ့ပတ်သက်လို့ အခြေအနေမှန်ကို လူသိရှင်ကြား ဖော်ထုတ်အသိပေးဖို့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲက တိုက်တွန်းလိုက်ပါတယ်။

မကြာသေးခင်က ရန်ကုန်မြို့ အင်းစိန် သံဃာ့ညီလာခံမှာ ဖွဲ့စည်းခဲ့တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က ဇူလိုင် ၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းကြေညာချက်မှာ အခုလို တိုက်တွန်းထားတာပါ။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ရုံးအဖွဲ့မှူး ဦးစန္ဒာသီရိက “အကြမ်းဖက်မှုတွေ ပဋိပက္ခတွေ ဖြစ်အောင်၊ လှုံ့ဆော်မှုတွေ ပါဝင်ပတ်သက်မှုတွေ မရှိဘဲနဲ့ နိုင်ငံတော်ကချမှတ်ထားတဲ့ တရားဥပဒေကို လေးစားလိုက်နာကြဖို့၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုတွေကိုလည်း ၀ိုင်းဝန်းထိန်းသိမ်းကြဖို့ သတိကြီးကြီး၊ ဥာဏ်ကြီးကြီးနဲ့ နိုင်ငံအရေး၊ ရှေ့အနာဂတ်အရေးကို အားလုံးဝိုင်းထိန်းသိမ်းဖို့ လိုအပ်တဲ့အတွက် ဒီကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်တယ်” လို့ မိန့်ကြားပါတယ်။

ဒါ့အပြင် ဘာသာအသီးသီးက ဘာသာရေးခေါင်းဆောင်တွေကလည်း  ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ မိမိတို့ဘာသာရေး အဆုံးအမအလိုက် ကျင့်ကြံနေထိုင်အောင် စည်းရုံးဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဦးစန္ဒာသီရိက “မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေဟာ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်သလို ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဆုတ်ယုတ်စေပါတယ်။ ဒီလိုအကြောင်းတရားမှန်သမျှကို နိုင်ငံတော်အစိုးရရော၊ ပြည်သူရော၊ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေ အပါအ၀င် ဆရာ၊ ဒကာ ညီညီညွတ်ညွတ်နဲ့ ဒါတွေကို တွန်းလှန် ပယ်ဖျက်ဖို့ လိုပါတယ်” လို့ မိန့်ပါတယ်။

အဲဒီကြေညာချက်ဟာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ရဲ့ ပထမဆုံးကြေညာချက်တရပ်ဖြစ်ပြီး ဥက္ကဋ္ဌဖြစ်တဲ့ ရန်ကုန်မြို့ အင်းစိန် ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာပါ။

ဆရာတော်ကြီးက ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ တရားခံတွေကို ထင်သာမြင်သာရှိရှိ အရေးယူပေးမှသာလျှင် အေးအေးငြိမ်းငြိမ်းဖြစ်သွားနိုင်မယ်လို့ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသက ဒီဗွီဘီကတဆင့်  မိန့်ကြားခဲ့ပါတယ်။

“သံတွဲမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်းကနေ ဒီပြဿနာတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာတာ ဆရာတော်တို့လည်း စိတ်မကောင်းပါဘူး။ အထူးသဖြင့် ဆရာတော်ပြောလိုတာက ဘာပဲဖြစ်ဖြစ် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ပဲ လိုလားတယ်။ ဘယ်ဘက်ကပဲဖြစ်ဖြစ် အကြမ်းဖက်လုပ်ရပ်တွေ မလုပ်သင့်တဲ့အကြောင်း ပြောလိုပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေကလည်း တရားခံအစစ်အမှန်ကို တိတိကျကျဖော်ထုတ်၊ အများထင်သာမြင်သာရှိအောင် အရေးယူပေးမှ ဒီပြဿနာတွေက အေးအေးငြိမ်းငြိမ်းဖြစ်သွားနိုင်မယ်။ တာဝန်ရှိသူတွေက ထင်သာမြင်သာရှိအောင် အရေးယူမပေးရင် နောက်ပြဿနာတွေ ဆက်ဖြစ်လာတတ်တယ်။ ဒါကြောင့် ပဋိပက္ခဖြစ်အောင်ဖန်တီးသူတွေကို ဆက်မလုပ်ကြဖို့ မေတ္တာရပ်ခံတယ်။ ဒီလိုမျိုးတွေလည်း မလိုလားဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013