ကိုရီးယားက မှာယူထားသည့် ကိုဗစ်-၁၉ အမြန်စစ်ကိရိယာများ ရောက်ရှိ
DVB
·
September 29, 2020
ကိုရီးယားကနေ မှာယူရောက်ရှိလာတဲ့ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ အမြန်စစ်နိုင်တဲ့ကိရိယာတွေနဲ့ ဒီနေ့ စတင် စစ်ဆေးတော့မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၈ ရက်ညက ပြည်သူကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
"တောင်ကိုရီးယားကနေပြီးတော့ ဒီရောဂါပိုး ရှိ မရှိကို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် စစ်ဆေးနိုင်တဲ့ Antigen test kit တွေ ရဖို့ရှိတယ်လို့ ကျမပြောခဲ့ပါတယ်။ ဒါရက်ပိုင်းအတွင်း ရောက်မယ်ဆိုတာ ကျမပြောတဲ့အတိုင်းပဲ ခုရက်ပိုင်းအတွင်း ရောက်ပါပြီ။ မနေ့ကဆိုရင် ကျမတို့အစိုးရဝယ်တဲ့ ၂ သိန်း ထဲမှာဆိုရင် ၆ သောင်း ရောက်ပါတယ်။ ဒီနေ့ဆိုရင် နောက် ၁ သိန်း ၄ သောင်း ရောက်ဖို့ရှိတဲ့အခါကျတော့ ဒီ ၂ သိန်းစလုံးဟာ ဒီနေ့ ပြည့်မှာဖြစ်ပါတယ်။ မနက်ဖြန်က စပြီးတော့ မြို့နယ်၊ ခရိုင် ဆေးရုံတွေမှာ စပြီးတော့ စမ်းသပ်တဲ့ test kit ကို သုံးမှာ ဖြစ်ပါတယ်။ နောက် မနက်ဖြန်မှာလည်း တောင်ကိုရီးယားအစိုးရကနေပြီးတော့ လှူဒါန်းတဲ့ test kit တွေထဲက ၅၀၀၀ ရောက်ဖို့ရှိပါတယ်”
ဒီကိရိယာတွေသုံးရင် ရောဂါပိုးရှိတာကို ပိုပြီးတွေ့လာရတော့မှာဖြစ်ပြီး စိတ်ဓာတ်မကျကြဖို့လည်း သူက ပြောပါတယ်။
“test kit တွေကို သုံးပြီဆိုရင် ရောဂါပိုး ရှိတာတွေ ပိုပြီးတော့ တွေ့လာမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မြန်စစ်လိုက်တဲ့ အခါကျတော့ မြန်မြန်သိရတယ်။ အဲဒါကြောင့်လည်း စိတ်ဓာတ်မကျပါနဲ့။ ဒီလိုမြန်မြန် သိရတဲ့ အခါကျတော့ စောစောစီးစီး ကုသမှုပေးနိုင်တယ်။ ပျောက်နှုန်းကပိုပြီးတော့ ကောင်းလာမယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ကိုဗစ်လူနာတွေသေဆုံးနေတာဟာ ရောဂါအခံရှိသူတွေနဲ့ အသက်ကြီးသူတွေဖြစ်နေပြီး ကျန်းမာရေးဝန်ထမ်းတွေမှာလည်း ရောဂါကူးစက်ခံရတာ၊ သေဆုံးတာတွေရှိနေတယ်လို့ သူက ပြောပါတယ်။
ကိုဗစ်ကြောင့် ကမ္ဘာ့နိုင်ငံတွေမှာ စီးပွားရေးတိုးတက်နှုန်းဟာ သုညအောက်အထိကျဆင်းသွားပြီး မြန်မာနိုင်ငံမှာတော့ အဲလောက် မကျသေးဘူးလို့လည်း ဆိုပါတယ်။
“ကျမတို့ဟာ ခုထိတော့ သုညအောက်မကျသေးပါဘူး။ သုညအောက် မကျတဲ့ နိုင်ငံအနည်းငယ်ထဲမှာ ပါတယ်လို့ ပြောရမှာပေါ့။ ကျမတို့ အာဆီယံမှာဆိုရင် သုညအောက်မကျတဲ့ နိုင်ငံ ၃ နိုင်ငံထဲမှာ ကျမတို့နိုင်ငံ အခုထိရှိပါသေးတယ်။ ဆက်ရှိမယ်လို့တော့ ကျမတို့ အာမ မခံနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခု ဒီ ဒုတိယလှိုင်းနဲ့လည်း ကျမတို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်”
မြန်မာနိုင်ငံမှာ စက်တင်ဘာ ၂၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာပေါင်း ၁၁,၆၃၁ ယောက်၊ သေဆုံးသူ ၂၅၆ ယောက်နဲ့ ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့သူ ၃,၀၇၃ ယောက် ရှိပါတယ်။
ဓာတ်ပုံ- State Counsellor Office