
ရွှေတြိဂံဒေသ လာအိုနိုင်ငံထဲက China Town စီးပွားရေးဇုန်ထဲ မြန်မာနိုင်ငံဘက်ခြမ်းက တရုတ်နဲ့ မြန်မာနိုင်ငံသားတွေ ငွေကြေးပေးပြီး ခိုးဝင်နေတာတွေရှိတယ်လို့ China Town မှာ အလုပ်လုပ်နေသူတွေထံက သိရပါတယ်။
လာအိုနိုင်ငံထဲက China Town စီးပွားရေးဇုန်ဟာ ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံစုံတဲ့နေရာမှာရှိပြီး တစ်နိုင်ငံစီကို မယ်ခေါင်မြစ်က ပိုင်းခြားထားတာပါ။
အခုလက်ရှိမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် လာအိုနိုင်ငံအတွင်းကို မြန်မာနိုင်ငံသားတွေ ဝင်ရောက်ခွင့်မရှိသလို မြန်မာဘက်ခြမ်းကို ပြန်လာမယ့်သူတွေကိုလည်း စိစစ်လက်ခံ ပေးနေတာဖြစ်ပါတယ်။
China Town မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်က “မြန်မာ ဘက်ခြမ်းက တရုတ်နဲ့ လာအလုပ်လုပ်တဲ့ မြန်မာတွေကို လာအိုတာဝန်ရှိသူနဲ့ ပွဲစားတွေပေါင်းပြီး လူခိုးသွင်းတာတွေရှိပါတယ်။ တစ်ယောက်ကို ဘတ် ၆၀၀၀ လောက်ပေါက်ကြေး ရှိတယ်။ ဒါမျိုးမြန်မာက ခိုးဝင်လာတဲ့သူတွေရှိလို့ အလုပ်လုပ်နေတဲ့သူတွေ စိုးရိမ်တာတွေလည်း ရှိပါတယ်” လို့ပြောပါတယ်။
China Town မှာ မြန်မာအလုပ်သမားတွေနေထိုင်တဲ့ ကျေးရွာအတွင်း အုပ်ချုပ်ဖို့ ကုမ္ပဏီကခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်သူတွေက ကိုဗစ်ရောဂါကြောက်လို့နေရပ်ပြန်သွားတဲ့ အလုပ်သမားတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးတာတွေရှိတယ်လို့လည်း ဆိုပါတယ်။
မြန်မာဘက်က တာဝန်ရှိသူတွေကို စုံစမ်းမေးမြန်တဲ့အခါမှာတော့ ထိစပ်တဲ့ ဧရိယာ တလျှောက်ကျယ်ပြန့်တာရယ် မယ်ခေါင်မြစ်ကမ်းခြေကနေ အလွယ်တကူ ခိုးကူးသွားလို့ရနေလို့ ထိန်းသိမ်းဖို့တော့ သိပ်မလွယ်ကူတဲ့အကြောင်းနဲ့ အသွားအလာများတဲ့နေရာတွေကိုတော့ အတတ်နိုင်ဆုံး လုံခြုံရေးအစောင့်တွေ လှည့်ကင်းပတ်ကင်းချထားတယ်လို့ ဆိုပါတယ်။
လာအို China Town ဧရိယာဟာ တရုတ်လုပ်ငန်းရှင်တွေက လာအိုအစိုးရဆီက ဧက ၁၀၀ ကျော်အကျယ်အဝန်းကို နှစ်ရှည်စာချုပ်နဲ့ ငှားရမ်းပြီး ကာစီနိုလုပ်ငန်းအပြင်၊ ခရီးသွားလုပ်ငန်းတွေနဲ့ ဇိမ်ခံမြို့တော်အဖြစ် ဖေါ်ဆောင်နေတာပါ။
China Town မှာ မြန်မာအလုပ်သမားအများစု အလုပ်လုပ်ကိုင်နေပြီး အလုပ်သမားတွေ နေထိုင်ဖို့ ရခိုင်ရွာလို့အမည်ပေးထားတဲ့ ကျေးရွာတစ်ရွာရှိပြီး လူဦးရေ ၃၀၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
သတင်း - ကိုဇက်










