DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီး
DVB
·
July 5, 2013
ချင်းမိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီး
1 / 2
Donate to DVB

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ရဲတွေက ပစ်မှတ်ထား ဖမ်းဆီးနေပါတယ်။

ဇူလိုင်လ အစောပိုင်းက စတင်ခဲ့တဲ့ ဖမ်းဆီးနှိမ်နင်းမှုတွေကြောင့် မြန်မာ့ရွှေ့ပြောင်း အလုပ်သမားတွေ ရာနဲ့ချီ အဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေ့နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက ပြောပါတယ်။

[caption id="attachment_41321" align="alignright" width="300" caption="ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများ (ဓာတ်ပုံ - www.thairath.co.th)"][/caption]

အရင်ရက်ပိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်းတွေအကြား အချင်းများ ရန်ဖြစ်တဲ့ အတွက် ရွှေ့ပြောင်းအလုပ်သမားတွေကို အထောက်အထားနဲ့ ဗီဇာတွေကို စစ်ဆေးဖို့ ရဲတွေကို အမိန့်ပေးခဲ့တာလို့ ထိုင်းက ရဲတပ်ဖွဲ့တွေနဲ့ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့တဲ့ အလုပ်သမား စည်းလုံးညီညွတ်ရေးအဖွဲ့က စိုင်းဆိုင်းမိဏ်းက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ချင်းမိုင်မြို့ ချန်းဖိုတ်ရဲစခန်း ပြန်ကြားရေးဌာန တာဝန်ကျ ရဲတပ်ကြပ်ကြီး ခွန်ဝိကျစ်က “ချင်းမိုင်မြို့ထဲမှာ ခိုက်ရန်ဖြစ်ပွားပြီး ဓားတွေ၊ လက်နက်တွေနဲ့ ရိုက်နှက်သတ်ဖြတ်တာရှိခဲ့တယ်။ လမ်းသွားလမ်းလာ ပြည်သူတွေကိုပါ ထိခိုက်ပြီး အထိတ်တလန့် ဖြစ်အောင်လုပ်တယ်။ ဆိုင်ကယ်တွေကို စည်းမဲ့ကမ်းမဲ့မောင်းနှင်တာ ရှိတယ်။ အဲဒါကြောင့် ရဲညွန်ကြားရေးမှူးချုပ်ရုံးကနေ အထူးနှိမ်နင်းရေးလုပ်ဖို့ အမိန့်စာ ထုတ်ထားပါတယ်။ ဖမ်းဆီးစစ်ဆေးတဲ့အခါ ရှမ်းလူမျိုးရယ်လို့မှမဟုတ်ပါဘူး။ ဥပဒေမဲ့ ပြုကျင့်သူ အားလုံးကို စစ်ဆေး ဖမ်းဆီးပါတယ်။ ထိုင်းလူမျိုးတွေလည်းပါတယ်။ သောင်းကျန်းရမ်းကားမှုတွေ ရှိသရွေ့ ဖမ်းဆီးနေမှာ ဖြစ်တယ်။ အထူးနှိမ်နင်းရေးကာလ  ဘယ်တော့ပြီးဆုံးရမလဲဆိုတာ ညွန်ချုပ်ရုံးက အမိန့်ပေါ် မူတည်ပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးထားတဲ့ ရွှေ့ပြောင်း အလုပ်သမားအရေအတွက်ကိုတော့ သူက ပြောကြားခြင်းမရှိပါဘူး။
အခုလို ဖမ်းဆီးတဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၀ ရာခိုင်နှုန်းလောက် အလုပ် လုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ခြောက်ကပ်သွားတယ်လို့ ထိုင်းသတင်း ဌာနတွေက ရေးပါတယ်။

ချင်းမိုင်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ မက်ပ် (Map) ဖောင်ဒေးရှင်းအဖွဲ့မှ သတင်းတာဝန်ခံ တုမ်မောက်ဟန်က အခုလို ဖမ်းဆီးမှုတွေကြောင့် အလုပ်သမားတွေက ဖုန်းနဲ့ဆက်သွယ်မေးမြန်းတာတွေ ရှိနေတယ်လို့ ရှင်းပြပါတယ်။

“ဖုန်းနဲ့ ဆက်သွယ်မေးမြန်းတာတွေ ရှိတယ်။ တိုက်ရိုက်အဖမ်းခံရတဲ့ အလုပ်သမားတွေကနေ ဆက်သွယ်လာတာတော့ မရှိဘူး။ out reach (အလုပ်သမားအရေး ကွင်းဆင်းလေ့လာရေး) အသင်းရှိတယ်လေ။ သူတို့ out reach သွားတဲ့အချိန်မှာ သူတို့ သူငယ်ချင်းတွေနဲ့ အသိတွေအဖမ်းခံရတာ ရှိတယ်။”

အခုလို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် ချင်းမိုင်က ရွှေ့ပြောင်းအလုပ်သမားတွေအကြား သွားရေး လာရေး ခက်ခဲနေတဲ့ကြောင်း ရှမ်းလူငယ်တဦးက ရှင်းပြပါတယ်။

“မြို့ထဲသွားလာရေး အများကြီးကြောက်ရတယ်။ Check Point တွေမှာ အများကြီး ထား စောင့်ကြည့်နေတယ်လေ။ သွားလာရေး ပြဿနာ ကြုံနေရတယ်။ အလုပ်လုပ်နေတဲ့နေရာမှာလည်း ထိုင်းရဲ ၀င်စစ်ဆေးတာ ခံရတယ်။ ကျနော်နေတဲ့အိမ်အနီးအနားမှာလည်း တရက်တည်းနဲ့ ၃ ကြိမ် ၀င်စစ်ဆေးတာ လုပ်တယ်။”

ထိုင်းနိုင်ငံဆိုင် မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးကျော်လွင်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီမနက် ထိုင်းလ၀ကနဲ့ အလုပ်သမားဝန်ကြီးဌာကို မေးမြန်းရာမှာ ၂ ရက်နေ့နဲ့ ၃ ရက်နေ့က အထောက်အထားမဲ့ မြန်မာအလုပ်သမား မြန်မာအလုပ်သမား ၇၀ ကျော်ကို ဖမ်းဆီးပြီး နယ်စပ်ပြန်ပို့လိုက်ကြောင်း ပြောတယ်လို့ ဆိုပါတယ်။

အခုလို မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ဦးကျော်လွင်က “သူတို့ရဲ့ ဥပဒေအတိုင်းဆိုရင်တော့ ကျနော်တို့လည်း ဘာမှ လုပ်ပေးလို့မရဘူး။ ဥပဒေထဲမှာ မပါတဲ့သူတွေကိုတော့ အမြန်ဆုံး ပြန်လွှတ်ပေးမယ်ပြောထားတယ်။ အထောက်အထားတွေ ရှိဖို့တော့ လိုအပ်ပါတယ်။ အထောက်အထားရှိရင် အလုပ်ရှင်က လာခေါ်ရင် အကုန်ပြန်လွှတ်ပေးတယ်လို့ ပြောတယ်။ အခု အထောက်အထားတွေ လုပ်ပေးနေတဲ့အချိန်မှာ လုပ်ထားဖို့ လိုအပ်တယ်လို့ မြန်မာအလုပ်သမားတွေကို သိစေချင်တယ်။”

ချင်းမိုင်မှာ သိန်းချီတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ လာရောက်အလုပ် လုပ်ကိုင်နေသလို အများစုဟာ ရှမ်းလူမျိုးတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013