ထိုင်း-မြန်မာ နယ်စပ်ဂိတ်များတွင် ဗီဇာ ၁၄ ရက်အထိ တိုးမြှင့်
နန်းမြနဒီ
·
July 4, 2013

ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေကနေ ၂ နိုင်ငံ အပြန်အလှန် ၀င်ရောက်လည်ပတ်တဲ့အခါ ပိုပြီးအတွင်းပိုင်းကျတဲ့ နေရာတွေကို ၀င်ရောက်လေ့လာနိုင်ဖို့အတွက် ပြည်ဝင်ခွင့်ဗီဇာနဲ့ ဧရိယာအကွာအဝေးတွေပါ တိုးချဲ့ခွင့်ပြုဖို့ စီစဉ်နေပါတယ်။
ထိုင်းနယ်စပ်ကနေ တရားဝင်ပတ်စ်ပို့နဲ့ဝင်တဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေကို နဂိုက ၆ ည နဲ့ ၇ ရက်ထိ လည်ပတ်ခွင့် ဗီဇာပေးရာက ၁၄ ရက်အထိ တိုးမြှင့်ပေးသွားမယ်လို့ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ဒီဗွီဘီကို ပြောပါတယ်။
[caption id="attachment_41306" align="alignright" width="300" caption="မဲဆောက်-မြ၀တီ နယ်စပ်ဖြတ်ကျော်တံတား"]
[/caption]
လုံခြုံရေးအရ ကန့်သတ်နယ်မြေကလွဲလို့ နေရာအနှံ့ လည်ပတ်နိုင်ပြီး လေကြောင်းလိုင်းကနေလည်း ပြန်နိုင်တယ်လို့ ဆိုပါတယ်။
ထိုင်းဘက်ခြမ်းကို ၀င်ရောက်မယ့် မြန်မာနိုင်ငံဘက်က ဧည့်သည်တွေကိုလည်း သွားလာခွင့် ဧရိယာနဲ့ နေခွင့်သက်တမ်း တိုးပေးဖို့ ထိုင်းအစိုးရကို ကမ်းလှမ်းထားတယ်လို့ သူက ပြောပါတယ်။
“လွန်ခဲ့တဲ့ ၂ လကျော်ကျော်လောက်က တဖက်ကို ကမ်းလှမ်းထားတယ်။ ဒါပေမယ့် သူတို့က ကတ်ဘိနက်နဲ့ လုံခြုံရေးကောင်စီတို့ တင်ရဦးမယ်၊ ခွင့်ပြုချက်ရရင် ချက်ချင်း အကြောင်းကြားမယ်လို့ ပြောပါတယ်။ ကျနော်တို့က ခရီးသွားလုပ်ငန်းတွေလည်း များလာအောင်ပေါ့၊ ထိုင်းနိုင်ငံသားတွေ ဒီဘက်မှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရမယ်။ ခရီးသွားလုပ်ငန်း ၀င်ငွေရမယ်၊ ကျနော်တို့ နိုင်ငံထဲလည်း သူတို့လေ့လာ ၀င်ကြည့်လို့ရမယ်။ အဲဒါတွေအတွက်လည်း စဉ်းစားထားတာပါ။”
ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်-တာချီလိတ်၊ မဲဆောက်-မြ၀တီ၊ ကော့သောင်း-ရနောင်း၊ ဘုရားသုံးဆူ စတဲ့ဘက်ကနေ ၀င်ရောက်လာမယ့် ခရီးသည်တွေ ဧည့်သည်တွေအနေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့် ဗီဇာ ယူလာရမယ်လို့ သူက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံဘက်က အကြောင်းပြန်ကြားလာတာ မရှိသေးတဲ့အတွက် အဲဒီကိစ္စကို တရားဝင် မကြေညာနိုင်သေးကြောင်း၊ နှစ်နိုင်ငံ အတည်ပြုချက်ရရင် နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ ထုတ်ပြန်ကြေညာပေးမယ်လို့ ဦးမောင်မောင်သန်းက ပြောပါတယ်။
အခုဆောင်ရွက်ချက်ကြောင့် ထိုင်းနယ်စပ်ဘက်က ခရီးသွားလုပ်ငန်းတွေ ပိုမိုအောင်မြင် အဆင်ပြေလာရင် တရုတ်နယ်စပ်နဲ့ အိန္ဒိယနယ်စပ်တွေမှာပါ တိုးချဲ့ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံထဲမှာရှိတဲ့ ခရီးသွားလုပ်ငန်းကုမ္ပဏီတခုပိုင်ရှင် နိုင်ဝမ်းချိုင်းကလည်း ဒီအစီအစဉ်ကို ကြိုဆိုကြောင်း၊ ဖြစ်နိုင်ရင် လေယာဉ်လမ်းကြောင်းဘက်က ၀င်ရောက်မယ့် ဆိုက်ရောက်ဗီဇာကိုပါ လုပ်ပေးရင် ခရီးသည်တွေပိုများလာမယ်လို့ ပြောပါတယ်။
လက်ရှိ ထိုင်းနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို သွားလည်မယ်ဆိုရင် သံရုံးမှာ ဗီဇာခ ဘတ် ၃၅၀၀ သွင်းရတယ်၊ ဗီဇာကျဖို့အတွက် အနည်းဆုံး ၁ ပတ်ကြာမြင့်ပြီး မစောင့်နိုင်လို့ ခရီးစဉ်ပြောင်းပစ်တာ မကြာခဏ တွေ့ရကြောင်း၊ ဗီဇာခ ဈေးလျှော့ပေးပြီး ဆိုက်ရောက်ဗီဇာပါ လုပ်ပေးစေလိုတယ်လို့ နိုင်ဝမ်းချိုင်းက ပြောပါတယ်။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲနေတဲ့အတွက် သွားလည်ဖို့ စိတ်ဝင်စားသူတွေ အတော်များကြောင်း၊ ဒါပေမယ့် မြန်မာပြည် လည်ပတ်စရာနေရာတွေမှာ သန့်ရှင်းအိမ်သာ မလုံလောက်သလို သန့်ရှင်းသပ်ရပ်တဲ့ တည်းခိုခန်းတွေလည်း ရှာရခက်တယ်လို့ ဆိုပါတယ်။
