DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူ ၁ သန်းကျော်ရှိလာ
DVB
·
September 28, 2020
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူ ၁ သန်းကျော်ရှိလာ
Donate to DVB

လတ်တလော ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တ ကမ္ဘာလုံးမှာ သေဆုံးသူအရေအတွက် ၁ သန်းကျော် ရှိလာပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာလည်း ၃၃ သန်းကျော်လာခဲ့ပြီဖြစ်ကာ ရောဂါကူးစက်မှု အမြင့်ဆုံးနိုင်ငံတွေအဖြစ် အမေရိကန်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေက ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါအသွင် ပျံ့နှံ့ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)က ဒါကို နိုင်ငံတကာ အရေးပေါ် ကျန်းမာရေး ကိစ္စအနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် မရခင်မှာ ရောဂါထိန်းချုပ်ရေးကို ညီညီ ညွတ်ညွတ် မလုပ်ဆောင်ကြရင်  ရောဂါကြောင့် သေဆုံးသူအရေအတွက် ၂ သန်းအထိ ရှိလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်မှာ သတိပေးခဲ့ပါသေးတယ်။

လက်ရှိအချိန်ထိ အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၇ ဒသမ မ ၂ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ စုစုပေါင်း သေဆုံးသူ ၂၀၉,၂၄၂ ယောက်၊ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံရသူ အရေအတွက် ၆ သန်းကျော်၊ သေဆုံးသူ ၉၄,၉၇၁ ယောက်၊ ဘရာဇီးနိုင်ငံမှာ ရောဂါကူးစက်ခံရသူ အရေအတွက် ၄ ဒဿမ ၇ သန်းကျော်၊ သေဆုံးသူ ၁၄၁,၅၀၃ ယောက် အသီးသီး ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၃၅၁ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ထပ်တိုးသေဆုံးတာမျိုး မရှိပဲ နိုင်ငံအလိုက် အမှတ်စဉ် ၄၄ နေရာထိ ကျဆင်းလာခဲ့ပြီ ဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေထဲမှာတော့ ရုရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ ဒသမ ၁ သန်းကျော်၊  စုစုပေါင်း သေဆုံးသူ ၂၀,၃၂၄ ယောက်နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး သူ့နောက်မှာတော့ စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ အီတလီ၊ ဂျာမနီနိုင်ငံတွေက ရောဂါ ကူးစက်မှုအမြင့်ဆုံး နိုင်ငံတွေအဖြစ် ရှိနေပါတယ်။

အာရှနိုင်ငံတွေထဲမှာတော့ ကမ္ဘာ့ရောဂါကူးစက်မှုအမြင့်ဆုံး ဒုတိယနေရာမှာရှိနေတဲ့ အိန္ဒိယနိုင်ငံရဲ့နောက် အီရန်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၄၄၆,၄၄၈ ယောက်၊  စုစုပေါင်း သေဆုံးသူ ၂၅,၅၈၉ ယောက်နဲ့ ရပ်တည်နေတာပါ။

အဲဒီ ၂ နိုင်ငံနောက်မှာတော့ ဘင်္ဂလားဒေ့ရှ်၊ အီရတ်၊ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေ ရှိနေပြီး အာရှမှာ ကိုဗစ်-၁၉ ကူးစက်မှုအမြင့်ဆုံး ၅ နိုင်ငံ ဖြစ်လာခဲ့တာပါ။

အာဆီယံနိုင်ငံတွေထဲမှာတော့ ဖိလစ်ပိုင်က ရောဂါကူးစက်ခံရသူ အရေအတွက် ၃၀၄,၂၂၆ ယောက်၊  စုစုပေါင်း သေဆုံးသူ ၅,၃၄၄ ယောက်နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး သူ့နောက်မှာတော့ အင်ဒိုနီးရှားနိုင်ငံက ရောဂါကူးစက်ခံရသူ အရေအတွက် ၂၇၅,၂၁၃ ယောက်၊  စုစုပေါင်း သေဆုံးသူ ၁၀,၃၈၆ ယောက်နဲ့ ကပ်လိုက်နေပါတယ်။

စင်ကာပူနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ အရေအတွက် ၅၇,၇၀၀ ယောက်၊  စုစုပေါင်း သေဆုံးသူ ၂၇ ယောက်ရှိနေပြီး သူ့နောက်မှာတော့ မလေးရှား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအိုနိုင်ငံတွေ အသီးသီး ရှိနေကြပါတယ်။

တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀,၇၃၄ ယောက်နဲ့ စုစုပေါင်း သေဆုံးသူ ၂၂၆ ယောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013