DVB Logo
Home
မြန်မာသတင်း
ဘရူနိုမားစ်သီချင်းဖြင့်အစွမ်းပြခဲ့သည့် The Voice Myanmar ပြိုင်ပွဲဝင် ချင်းတိုင်းရင်းသားလေး အောင်ပီး (ရုပ်သံ)
DVB
·
September 28, 2020
ဘရူနိုမားစ်သီချင်းဖြင့်အစွမ်းပြခဲ့သည့် The Voice Myanmar ပြိုင်ပွဲဝင် ချင်းတိုင်းရင်းသားလေး အောင်ပီး (ရုပ်သံ)
Donate to DVB

       နာမည်ကြီးသီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar Season 3 ရဲ့ Blind Audition အဆင့်ပြိုင်ပွဲတွေကို လတ်တလောကျင်းပနေပြီး ခုတပတ်မှာလည်း ထူးခြားတဲ့ အသံပိုင်ရှင် ပြိုင်ပွဲဝင်တယောက် ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

  သူကတော့ ချင်းတိုင်းရင်းသား ပြိုင်ပွဲဝင်လူငယ်တယောက်ဖြစ်တဲ့ အောင်ပီး ဖြစ်ပြီး နာမည်ကြီးအဆိုတော် ဘရူနိုမားစ်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “When I Was Your Man” သီချင်းနဲ့ အစွမ်းပြ ယှဉ်ပြိုင်သွားခဲ့တာပါ။

    ဩဂုတ် ၂၃ ရက်နေ့က ပြန်လည်စတင်ခဲ့တဲ့ The Voice Myanmar Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်သွားကြမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် အောင်ပီးရဲ့ ထူးခြားတဲ့ အသံနဲ့ အင်္ဂလိပ်လို ပိုင်နိုင်တဲ့ သီချင်းသီဆိုမှုဟာ Coach တွေကိုရော ပရိသတ်တွေကိုပါ ဆွဲဆောင်ထားနိုင်ခဲ့ပြီး Coach တွေထဲက R. ဇာ နည်၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့က လှည့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက် Coach တွေနဲ့ အမေးအဖြေပြုလုပ်ချိန်မှာတော့ သူ့ကို သီချင်းနောက် တပုဒ်သီဆိုပြဖို့ တောင်းဆိုခံခဲ့ရပြီး အောင်ပီးက တေးသံရှင် အောင်ထက်သီဆိုထားတဲ့ “သဘာဝနဲ့တွေ့ဆုံခြင်း” သီချင်းနဲ့ သီဆိုပြခဲ့ချိန်မှာတော့ အားလုံးက အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

နောက်ဆုံးမှာ ပြိုင်ပွဲရဲ့ စည်းကမ်းအရ လှည့်ကြည့်တဲ့ Coach တွေထဲက တယောက်ကို ပြိုင်ပွဲဝင်က ရွေးချယ်ရချိန်မှာတော့ အောင်ပီးက Coach တွေထဲက R. ဇာ နည်ကို ရွေးချယ်ခဲ့တာမို့ Team R. ဇာနည်ရဲ့ အဖွဲ့ထဲကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ မနှစ်ကတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။

မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။

လတ်တလောမှာတော့ အခုနှစ် Season 3 ရဲ့ Blind Audition အဆင့်ဟာ သီတင်းပတ် ၆ ပတ်ယှဉ်ပြိုင်အပြီး စုစုပေါင်း ပြိုင်ပွဲဝင် ၄၈ ယောက်နဲ့ ရွေးချယ်မှု ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာလ ၄ ရက်နေ့ ကျင်းပမယ့် Battle Round အဆင့်မှာရော သက်ဆိုင်ရာ Coach တွေရဲ့ အဖွဲ့တွေထဲက ပြိုင်ပွဲဝင်တွေက ဘယ်လို အကြိတ်အနယ် ယှဉ်ပြိုင်ကြဦးမလဲဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013