DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရန် အစပြု
DVB
·
July 4, 2013
ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရန် အစပြု
Donate to DVB

ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီကို ဖွဲ့စည်းဖို့ အစပျိုးခြေလှမ်းအဖြစ် ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပါတီတွေက အမတ်ဦးရေ အချိုးစားအတိုင်း အမည်စာရင်း တင်သွင်းခိုင်းလိုက်ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းတုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအမတ် သူရဦးအေးမြင့်က ကော်မတီဖွဲ့ရေးအဆိုတင်မှုကို လွှတ်တော်က သဘောတူပြီးတဲ့နောက် လက်တွေ့အကောင်အထည်ဖော်လိုက်တာပါ။

ကော်မတီဝင်ပေါင်း ၁၀၀ ကျော်နဲ့ ဖွဲ့စည်းမယ့် ဒီကော်မတီမှာ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်ဦးရေ ၅၀၊ တပ်မတော်သား အမတ် ၂၅ ဦးနဲ့ အများဆုံး ပါဝင်မယ်လို့ လွှတ်တော် အမတ်တွေက ပြောပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ၄ ဦး၊ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီတွေက ၂ ဦး၊ တသီးပုဂ္ဂလိက အမတ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကနေ ကော်မတီအတွက် အမည်စာရင်းတင်သွင်းမယ့်  ဒုဥက္ကဋ္ဌ စိုင်းဆောင်ဆီကတော့ လွှတ်တော်သက်တမ်း ၂ နှစ်ခွဲအတွင်းမှာ ဖွဲ့စည်းပုံကို သုံးသပ်ဖို့ အခန်းကဏ္ဍကို ပထမဆုံးအကြိမ်အဖြစ် ရောက်လာတာဖြစ်တယ်လို့ ပြောပါတယ်။

ကော်မတီမှာ တိုင်းရင်းသားတွေရဲ့ ကိစ္စ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စရပ်တွေကို အားကြိုးမာန်တက် လုပ်ဆောင်သွားမယ့်အကြောင်း အခုလို ပြောပါတယ်။

“တိုင်းရင်းသားတွေကိစ္စ၊ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရတဲ့ကိစ္စ ဒါတွေကိုတော့ အခြေခံဥပဒေအရ ပီပီပြင်ပြင်လုပ်ဖို့ အလုပ်တွေစများပြီဆိုတော့ ကြိုးစားပြီး အားကြိုးမာန်တက်လုပ်သွားမှာပါ။”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်စဉ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးတည် မဲဆွယ်ခဲ့ပါတယ်။

လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးကို လွန်ခဲ့တဲ့ရက်ပိုင်းက ဒီဗွီဘီက မေးမြန်းရာမှာ  ဖွဲ့စည်းပုံကိုပြင်မယ်ဆိုရင် အချုပ်အခြာအာဏာကို မထိခိုက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ ပြည်ထောင်စုကြီး မပြိုကွဲရေးတွေကို ပါတီက စဉ်းစားသွားမယ်လို့ ဖြေဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့လလယ်ပိုင်းမှာ  ဒေါ်အောင်ဆန်းစုကြည်က ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်မှာ သူဦးဆောင်ကြိုးပမ်းမယ့်အကြောင်းနဲ့ ပြင်ဆင်တဲ့အခါမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ချက်ချင်းဖယ်ရမယ် ဆိုတာထက် တဖြည်းဖြည်းချင်း ပြင်သွားဖို့ လိုကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော် ၂ ရပ်လုံးက လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံဖို့ လိုအပ်ပြီး လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းရှိနေတဲ့ တပ်မတော်သားအမတ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ အဟန့်အတားဖြစ်စေနိုင်တာကို ဥပဒေပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013