DVB Logo
Home
မြန်မာသတင်း
ကိုဗစ်အရေးပေါ်လူနာများအတွက် သွေးရည်ကြည်လှူဒါန်းကြရန် အဆိုတော်မျိုးကြီး နှိုးဆော် (ရုပ်သံ)
DVB
·
September 27, 2020
ကိုဗစ်အရေးပေါ်လူနာများအတွက် သွေးရည်ကြည်လှူဒါန်းကြရန် အဆိုတော်မျိုးကြီး နှိုးဆော် (ရုပ်သံ)
Donate to DVB

လတ်တလောတကျော့ပြန်ကူးစက်မှုတွေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ပိုမို မြင့်တက်လာချိန်မှာ အရေးပေါ်လူနာတွေအတွက် လိုအပ်တဲ့ သွေးရည်ကြည်လှူဒါန်းကြဖို့ အဆိုတော် မျိုးကြီးက နှိုးဆော်ထားပါတယ်။

ကိုဗစ်-၁၉ ရောဂါ အပြင်းအထန်ခံစားနေရတဲ့ လူနာတွေအတွက် လိုအပ်တဲ့ သွေး ရည်ကြည်ကို ကိုဗစ်-၁၉ ရောဂါခံစားရပြီး ပြန်လည်ပျောက်ကင်းသွားသူတွေဆီကမှ ထုတ်ယူလို့ရကြောင်းနဲ့ ရောဂါပျောက်ကင်းသက်သာပြီး ဆေးရုံကဆင်းခွင့်ရခဲ့သူတွေကို ဆက်သွယ်လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် မျိုးကြီးဟာ မြန်မာနိုင်ငံက ကျော်ကြားသူတွေထဲမှာ ကိုဗစ်-၁၉ ရောဂါ ကနဦးကူးစက်ခံရသူတွေထဲက တယောက်ဖြစ်ပြီး လက်ရှိအချိန်ထိ သူနဲ့အတူ ရောဂါပြန်လည်ပျောက်ကင်းပြီး ဆေးရုံက ဆင်းခွင့်ရခဲ့သူ ၂,၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

အခုလိုအပ်တဲ့ သွေးရည်ကြည်လှူဒါန်းမှုမှာတော့ လှူဒါန်းလိုသူတွေဟာ အသက် ၁၈ နှစ်နဲ့ ၅၅ နှစ်ကြား၊ ကိုယ်အလေးချိန်ပေါင် ၁၂၀ အနည်းဆုံး ရှိရမှာဖြစ်ပြီး မိမိတို့ရဲ့ Case No.၊ တက်ရောက်ကုသခဲ့တဲ့ ဆေးရုံစတဲ့ မှတ်တမ်းတွေနဲ့တကွ ဖုန်းနံပါတ် ၀၉ ၅၁ ၃၀ ၄၁၈ နဲ့ ၀၉ ၅၄ ၀၂ ၀၉၈ တို့ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါတခုအသွင် လျင်လျင်မြန်မြန်ပဲ ကူးစက်ပျံ့နှံ့နေခဲ့တာပါ။

မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူး စက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်နေပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ အာဆီယံဒေသတွင်းမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေပြီးရင် ကိုဗစ်-၁၉ ကြောင့် တတိယမြောက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်လာနေခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ  စက်တင်ဘာ ၂၆ ရက် ည ၈ နာရီအထိ သေဆုံးသူ ၁၉၈ ယောက်နဲ့ ရောဂါကူးစက်ခံရသူအရေအတွက် ၉,၉၉၁ ယောက် ရှိပြီလို့ သိရပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၃၃ သန်းကျော်ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၉၉၈,၈၀၆ ယောက် ရှိပြီလို့  Worldometers ဝက်ဆိုက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013