DVB Logo
Home
မြန်မာသတင်း
လယ်သမားများ ပုသိမ်မြို့တွင် လှည့်လည်ဆန္ဒပြ
DVB
·
July 4, 2013
Donate to DVB

တပ်မတော်အစိုးရလက်ထက်က သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေ ပြန်ပေးတဲ့ကိစ္စွမှာ မျှမျှတတ ဆောင်ရွက်ဖို့ ဧရာဝတီတိုင်း မြို့နယ်တချို့က ရာနဲ့ချီတဲ့ လယ်သမားတွေဟာ ပုသိမ်မြို့ပေါ်က လမ်းမတွေပေါ်မှာ  လှည့်လည်ဆန္ဒပြကြပါတယ်၊။

ဧရာဝတီတိုင်း ပုသိမ်၊ သာပေါင်း၊ ကန်ကြီးထောင့်၊ လပွတ္တာ၊ ငပုတော စတဲ့မြို့နယ်တွေထဲက လယ်သမား၂၀၀ ကျော်ဟာ အစိုးရရုံးစိုက်ရာ ပုသိမ်မြို့ပေါ်လာပြီး  ဒီကနေ့ လှည့်လည် ဆန္ဒဖော်ထုတ်ကြတာပါ။

ဧရာဝတီတိုင်းမှာ  အရင် တပ်မတော်အစိုးရ လက်ထက်က သိမ်းယူခဲ့တဲ့ လယ်မြေတွေ အားလုံးကို မူလလယ်ပိုင်ရှင်တွေထံ ပြန်ပေးမယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ကလည်း ပြီးခဲ့တဲ့ မေလထဲ မီဒီယာတွေကို ထုတ်ပြောထားပါတယ်။

ဒီအစီအစဉ်ကို လက်တွေ့ အကောင်အထည်ဖော်တဲ့အခါ မညီမျှမှုတွေ ရှိတာကြောင့် ဆန္ဒပြတာလို့ ဦးဆောင်ဆန္ဒပြသူ ကိုသက်ဆွေက ပြောပါတယ်။

“သမ္မတကိုယ်တိုင်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အောက်ခြေမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေက အလွဲသုံးစားလုပ်မှုတွေရှိနေလို့ပါ။ ဘယ်လိုအလွဲသုံးစားလုပ်လဲဆိုတော့ လူတယောက် လယ် ၅ ဧက သိမ်းခံရတယ်၊ ပြန်ပေးတဲ့အခါ ၁ ဧကပဲရတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်နေသူတွေက ၄ ဧက လောက်ရတယ်။ အောက်ခြေမှာ လယ်ပြန်ပေးရာမှာ မညီမျှမှုတွေ ရှိနေတာပေါ့။ ဒါကို မကျေနပ်လို့ ဆန္ဒဖော်ထုတ်တာပါ။”

ကန်ကြီးထောင့်မြို့နယ် ရွာသစ်ကလေးကျေးရွာက ဆန္ဒပြသူ လယ်သူမကြီး ဒေါ်ယဉ်ကြည်ကတော့ သူ့လယ်ပြန်လိုချင်ကြောင်းနဲ့ လယ်မရှိလို့ ကြုံတွေ့ရတဲ့ အခက်အခဲကို အခုလို ပြောပါတယ်။

“ကျောင်းသားတွေလည်း ကျောင်းမထားနိုင်ဘူး။ သက်ကြီးရွယ်အိုတွေလည်း မျက်ရည်ကျနေရတယ်။ လယ်ထဲထွက်ကြည့်လိုက် မျက်ရည်ကျလိုက်၊ အိမ်ဝင်လာတဲ့အခါ စားစရာမရှိနဲ့ တအားဒုက္ခရောက်နေတယ်။ ကျမတို့ လယ်လုပ်ခွင့်ပြန်ရချင်ပါတယ်။”

လယ်သမားတွေဘက်ကကို ကူညီပေးနေတဲ့ လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေး အဖွဲ့ဝင် ဒေါ်အေးအေးမွန်ကတော့ အာဏာပိုင်တွေအနေနဲ့ လယ်သမားတွေဘက်က ရပ်တည်ဖို့ တိုက်တွန်းပြောဆိုပါတယ်။

“အစိုးရအဖွဲ့လည်း သိတယ်၊ တမြို့လုံးလည်း သိပါတယ်။ ကိုယ့်လယ်ကိုယ်ပြန်ရရေးပဲ တောင်းတာပါ။ ပိုစတာတွေမှာ ရေးထားတာကတော့ ကန်ကြီးထောင့်အာဏာပိုင်တွေ ခရိုနီတွေရဲ့ ကျေးကျွန်မလုပ်ကြပါနဲ့။ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြေတိုင်းစာရင်းနဲ့ ခရိုနီတွေ အလိုမရှိ၊ ကန်ကြီးထောင့်လွှတ်တော်ကိုယ်စားလှယ် အလိုမရှိ ဒါမျိုးတွေ ပါပါတယ်။”

ဒါ့အပြင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေမှူးတွေနဲ့ အန်အယ်ဒီပါတီဝင်တချို့က လယ်သမားတွေကို မကူညီဘဲ ခရိုနီတွေဘက်က ရပ်တည်ကာကွယ်နေတဲ့အတွက် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့တယ်လို့လည်း ဒေါ်အေးအေးမွန်က ပြောပါတယ်။

ဒီဆန္ဒပြမှုနဲ့ပတ်သက်ပြီး လယ်သမားတွေဘက်က ဆန္ဒပြဖို့ တင်ထားပေမယ့် အာဏာပိုင်တွေက ခွင့်ပြုမိန့်မကျသေးဘဲ ဆန္ဒပြတဲ့အတွက် ခေါ်ယူမေးမြန်းမှုတွေ ခံရတယ်လို့လည်း ပြောပါတယ်။

ဧရာဝတီတိုင်းအပြင် ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာလည်း အလားတူ စစ်တပ်နဲ့ ကုမ္ပဏီတွေက သိမ်းထားတဲ့ လယ်မြေသိမ်းယူမှု ပြဿနာတွေ အများအပြားရှိနေဆဲဖြစ်ပြီး တချို့ဒေသတွေမှာတော့ လယ်သမားတွေဟာ  ထွန်တုံးတိုက်ပွဲအသွင်နဲ့ သိမ်းခံလယ်ယာမြေတွေထဲမှာ ၀င်ရောက်ထွန်ယက် စိုက်ပျိုးလုပ်ကိုင်ကြလို့ ဖမ်းဆီးတရားစွဲဆို ခံရတာလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013