DVB Logo
Home
မြန်မာသတင်း
ပုံနှိပ်ထုတ်ဝေဥပဒေ ပြည်သူ့လွှတ်တော်အတည်ပြု
DVB
·
July 4, 2013
ပုံနှိပ်ထုတ်ဝေဥပဒေ ပြည်သူ့လွှတ်တော်အတည်ပြု
Donate to DVB

စာနယ်ဇင်းလောကသားတွေ ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြတဲ့ ပြန်ကြားရေးဝန်ကြီး ဌာနကတင်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ ဒီနေ့ အတည်ပြုပေးလိုက်တယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

ဒီဥပဒေကြမ်းမှာပါဝင်တဲ့ မှတ်ပုံတင်အရာရှိတဦးကိုပဲ အခွင့်အာဏာတွေ အကုန်ပေးထားတဲ့အပေါ် လွှတ်တော်က ပြင်ဆင်လိုက်ပုံကို ဦးရဲထွန်းက အခုလိုပြောပါတယ်။

“အဲဒါကတော့ မှတ်ပုံတင်အရာရှိကို ထုတ်ဝေစာတခုဟာ ပုဒ်မ ၇ မှာပါတဲ့ ပြဋ္ဌာန်းချက်တခုခုနဲ့ ငြိစွန်းကြောင်း စိစစ်တွေ့ရရင် ဒါကို တရားမ၀င်စာပါလို့ ကြေညာနိုင်တဲ့ အခွင့်အရေးတွေကို ကျနော်တို့က ဖျက်လိုက်တယ်။ ၀န်ကြီး သို့မဟုတ် ၀န်ကြီးက တာဝန်ပေးအပ်ခြင်းခံရတဲ့သူက ပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်တရပ်ရပ်နဲ့ ငြိစွန်းတယ်လို့ တွေ့ရရင် ဒါကို တရားမ၀င်ထုတ်ဝင်စာလို့ ကြေညာနိုင်တယ်လို့ ပြဋ္ဌာန်းပြီး၊ အကြေညာခံရတဲ့ စာအုပ်၊ ဂျာနယ် ထုတ်ဝေသူ ဒါမှမဟုတ် လုပ်ငန်းရှင်က ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်ရင် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တရားလွှတ်တော်တွေကို လျှောက်ထားနိုင်တယ်လို့ ကျနော်တို့က ထပ်ဖြည့်လိုက်တယ်။ ဆိုလိုတာက ၀န်ကြီး သို့မဟုတ် ၀န်ကြီးက တာဝန်ပေးအပ်ခြင်းခံရတဲ့သူက နောက်ဆုံးအဆုံးအဖြတ် မဟုတ်ဘူး၊ သူ့အနေနဲ့ တရားရုံးအဆုံးအဖြတ် ဆက်ယူနိုင်တယ်။”

ဥပဒေမှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ထိခိုက်စေတဲ့အချက်တွေ ပါနေသေးတယ်လို့လည်း ပြောပါတယ်။

ပုံနှိပ်ထုတ်ဝေဥပဒေကို အခုလို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက အရေးပေါ်စည်းဝေးခေါ်ဖို့ရှိတယ်လို့ အဖွဲ့ဝင် ကိုဇော်သက်ထွေးက ပြောပါတယ်။

“ပုံနှိပ်နဲ့ ထုတ်ဝေမှာ မပါသင့်တဲ့ အချက် ပြန်ကြားရေးဝန်ကြီးဌာနဲ့ ညှိနှိုင်းတုန်းက ကျနော်တို့ ထောက်ပြခဲ့တာ ရှိပါတယ်။ ထောက်ပြခဲ့တာတွေ လွှတ်တော်မှာ အတည်ပြုတဲ့ ဥပဒေမှာ ပါသွားတယ်လို့ သိရတယ်။ ဒါဆိုရင်တော့ ကျနော်တို့က တဦးနဲ့တဦး ညှိနှိုင်းတိုင်ပင်ထားမှုက အရာမရောက်ဘူးဆိုတဲ့ အချက်အလက်ကို ပြသတာပါပဲ။ အဲဒီပြသမှုဟာ ပြန်ကြားရေးဝန်ကြီးဌာနဲ့ စာနယ်ဇင်းကောင်စီရဲ့အနာဂတ်မှာ ပူးပေါင်းလုပ်သွားရမယ့် လုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ ကျနော်က ယူဆပါတယ်။ ဒါကြောင့် မနက်ဖြန်အစည်းအဝေးမှာ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီဝင်တွေက သေချာ ကျယ်ကျယ်ပြန့်ပြန့် ဘယ်လိုဒီဟာကို ဆောင်ရွက်သွားမယ်ဆိုတာ ဆွေးနွေးကြမှာဖြစ်ပါတယ်။”

ဒီနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ပုံနှိပ်ထုတ်ဝေဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကို ဆက်လက်ပေးပို့သွားမှာဖြစ်ပြီး၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ဦးမှာ ဖြစ်ပါတယ်။
လွှတ်တော် ၂ ရပ်ပေါင်း သဘောတူညီချက်ရမှ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး ဥပဒေထွက် ပေါ်လာမှာ ဖြစ်ပါတယ်။

ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြီးခဲ့တဲ့ ၆ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်က တင်သွင်းခဲ့တာဖြစ်ပြီး အခု ကျင်းပနေတဲ့ ၇ ကြိမ်မြောက် လွှတ်တော်အတွင်း အတည်ဖြစ်ဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013