
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဗဟိုအမျိုးသားဓာတ်ခွဲခန်းရှေ့မှာ ပြည်ပထွက်လိုတဲ့ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံစာလာယူသူတွေ များပြားနေတယ်လို့ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့နောက်ပိုင်းကစပြီး ဓာတ်ခွဲခန်းရှေ့မှာ နေ့ဘက်တင်မကဘဲ ညပိုင်းအချိန်အထိ လူစုလူဝေးဖြစ်နေတယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကာလမှာ ပြည်ပကို အရေးတကြီး ထွက်ခွာချင်သူတွေဟာ ဗဟိုအမျိုးသားဓာတ်ခွဲခန်းမှာ ငွေကျပ် ၂ သိန်းပေးဆောင်ပြီး ကိုဗစ်-၁၉ ကင်းရှင်းကြောင်း စစ်ဆေးထောက်ခံစာယူရပြီး ဗဟိုအမျိုးသားဓာတ်ခွဲခန်းမှာ ဝန်ထမ်း ၇ ဦးပါ အဖွဲ့သုံးဖွဲ့ခွဲကာ အလှည့်ကျစနစ်နဲ့ စစ်ဆေးပြီး ထောက်ခံချက်တွေ ထုတ်ပေးနေတာဖြစ်ပါတယ်။
ဦးကျော်ဇေယျက “လူစုလူဝေးဖြစ်နေတာက အစိုးရက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ စည်းကမ်းတွေနဲ့ ကိုက်ညီမှုမရှိပါဘူး။ ဝန်ထမ်းအင်အားမနိုင်လို့ အခုလိုဖြစ်နေတာပါ။ ဓာတ်ခွဲခန်းမှာ ကျွမ်းကျင်ဝန်ထမ်း အင်အားနည်းနေတယ်လို့ သိရပါတယ်။ တာဝန်ရှိတဲ့ အုပ်ချုပ်ရေးအပိုင်းကလည်း အလုပ်တွေများတဲ့အတွက် မနိုင်မနင်းဖြစ်နေပါတယ်။ ထောက်ခံစာ လာယူတဲ့သူတွေထဲမှာ တရုတ်ပြည်ကို ပြန်ချင်တဲ့သူတွေ များပါတယ်” လို့ ပြောပါတယ်။
ဒီကိစ္စကို စီမံခန့်ခွဲဖို့နဲ့ပတ်သက်ပြီး အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာန ညွှန်ကြားရေးမှူး ဒေါက်တာအယ်ထူးဖေက “ကျမတို့ ပြန်ဖြေဖို့ ခွင့်ပြုမိန့်တောင်းရမယ်။ ပြီးတော့မှပဲ ကျမတို့ ပြောလို့ရမယ်။ လောလောဆယ်ပြောရတာတော့ သိပ်တော့အဆင်မပြေသေးပါဘူး” လို့ ဆိုပါတယ်။
လတ်တလောအခြေအနေမှာတော့ ဒဂုံမြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီပြဿနာကိုဖြေရှင်းဖို့ ရန်ကုန်တိုင်းအစိုးရနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆီကို ဆက်သွယ် အသိပေးထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - U Kyaw Zay Ya










