DVB Logo
Home
မြန်မာသတင်း
လယ်သမားအကျိုးစီးပွား ဥပဒေမူကြမ်း လက်တွေ့အကောင်အထည်ဖော်ရန်လိုအပ်
DVB
·
July 3, 2013
လယ်သမားအကျိုးစီးပွား ဥပဒေမူကြမ်း လက်တွေ့အကောင်အထည်ဖော်ရန်လိုအပ်
Donate to DVB

တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေမူကြမ်းမှာ ပါရှိချက်တွေဟာ  လယ်သမားတွေ တွေ့ကြုံနေရတဲ့ ငွေကြေးဆိုင်ရာ အခက်အခဲတွေနဲ့ သီးနှံတွေ ဈေးမရတဲ့ ပြဿနာတွေ အတော်အတန်ပြေလည်သွားမှာဖြစ်လို့ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ လိုတယ်လို့ တောင်သူလယ်သမား အကျိုးဆောင်ရွက်နေသူတွေက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်က  မကြာခင်မှာ အတည်ပြုပြဋ္ဌာန်းပေးဖို့ ရှိနေတဲ့   တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားမြင့်တင်ရေးဥပဒေကြမ်း ကို အများပြည်သူတွေ လေ့လာနိုင်ဖို့ နိုင်ငံပိုင် သတင်းစာတွေမှာ ခုရက်ပိုင်းအတွင်း ဖော်ပြခဲ့တာပါ။

ဒီဥပဒေမှာ တောင်သူလယ်သမားတွေ အရင်းနှီးရဖို့ သင့်တင့်တဲ့ချေးငွေနဲ့ အကူအညီတွေပေးဖို့၊ လက်မှုလယ်ယာကနေ စက်မှုလယ်ယာ ကူးပြောင်းဖို့ နည်းပညာနဲ့ သွင်းအားစုတွေ ကူညီပေးဖို့နဲ့  လယ်ယာထွက်ကုန်တွေ ရောင်းချရာမှာ သင့်တဲ့မျှတတဲ့ ဈေးကွက်ရရှိဖို့ ရည်ရွယ်တယ်လို့ ပါရှိပါတယ်။

ဒီဥပဒေအရ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဗဟိုအဖွဲ့ကို စီးပွားကူးသန်း၊ ပြည်ထဲရေး၊ ဘဏ္ဍာရေး၊ သမ၀ါယမ၊ လယ်ဆည်၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ အမျိုးသားစီမံကိန်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနတွေ ကုန်သည်စက်မှုအသင်းချုပ်၊ ဆန်စပါး၊ ပဲနှမ်း၊ ငါးနဲ့မွေးမြူရေးအသင်းတွေနဲ့ တောင်သူလယ်သမား ကိုယ်စားပြု အဖွဲ့အစည်းတွေက ပုဂိုလ်တွေနဲ့ ဖွဲ့စည်းဆောင်ရွက် အကောင်အထည်ဖော် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာ အစိုးရက လယ်သမားတွေကို   လယ် ၁၀ ဧကအတွက် ၁ ဧကကို ကျပ် ၁ သိန်းနှုန်းနဲ့ စိုက်ပျိုးစရိတ် ထုတ်ချေးပေးနေပေမယ့်  ခုအချိန်အထိ ချေးငွေမရသေးတဲ့ လယ်သမားတွေ ရှိနေတာကြောင့် ဥပဒေအရ ဘယ်လိုပဲပြဋ္ဌာန်းပြဋ္ဌာန်း  အစိုးရမှာ ချေးငှားနိုင်တဲ့ ငွေရှိဖို့လိုတယ်လို့ တောင်သူလယ်သမားအသင်း (ယာယီ) ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းကတော့  ဒီဗွီဘီကို ပြောပါတယ်။

“တောင်သူတွေ ငွေချေးဖို့၊ ငွေဘယ်လောက်ချေးပေးနိုင်မလဲ။ အဲအတွက် ဘတ်ဂျက်ဘယ်လောက်ရမလဲပေါ့။ လက်ရှိမြေဧက ၁ သိန်းနဲ့ ၁၀ ဧက ချေးနေရာမှာ အခုထက်ထိ ပိုက်ဆံက မထွက်လာသေးဘူး။ ၁ ဧကကို ၃ သိန်း ချေးချင်ပါတယ်။ ဧကတိုင်းကို ချေးချင်ပါတယ်ဆိုရင် လက်ရှိရဲ့ ၄-၅ ဆ လိုမယ်။ ဘတ်ဂျက်ပေးနိုင်၊ မပေးနိုင်အပေါ်လည်း မူတည်တယ်။ ပိုက်ဆံပေးနိုင်ဖို့ပဲလိုတာ။ ဘတ်ဂျက်ရှိရဲ့လားဆိုတာ ပေါ်မူတည်ပြီး အကောင်အထည်ဖော်လို့ရမယ်။ ဘတ်ဂျက်မပါဘဲ ပိုက်ဆံမချေးနိုင်ဘဲ ဥပဒေဘယ်လောက်ရှိရှိ အကောင်အထည်ဖော်ဖို့ ခက်မယ်။”

လယ် ၁ ဧကအတွက် ထုတ်လုပ်မှုကုန်ကျစရိတ်က ဒေသအလိုက် မျိုးအလိုက်နှင့်စိုက်ပျိုးတဲ့ပုံစံက မတူလို့ ၁ ဧကကို ပျမ်းမျှ ၁ သိန်းခွဲကနေ ၂ သိန်းခွဲအထိ ရှိနေတာပါ။

အစိုးရအနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေက လယ်ဧက ၁၀ ဧကရှိမှသာ ၁ ဧကကို ကျပ် ၁ သိန်းနှုန်းနဲ့ ထုတ်ချေးပေးနိုင်တာဖြစ်လို့  ဧက အနည်းငယ်သာစိုက်ပျိုးနိုင်တဲ့ လယ်သမားတွေအတွက် ငွေကြေးမလုံလောက်တဲ့ အခက်အခဲတွေ ရှိနေပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးရဲ့ စီးပွားရေးဆိုင်ရာအကြံပေးအရာရှိ ဒေါက်တာ မောင်အောင်က    “ဥပဒေကြမ်းရေးဆွဲရခြင်းကတော့ လယ်သမားက အများစုဖြစ်တယ်။ သူတို့ကို ကာကွယ်ပေးရမယ်ပေါ့။ လယ်သမားအများစုက ကြွေးသံသရာလည်နေတယ်။ အကြွေးက ဖြတ်လို့မရတော့ တဖြည်းဖြည်းထူလာတယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိတယ်လေ။ ဒီဥပဒေကပေါ်လာရင် လယ်သမားတွေကို ပိုကာကွယ်ပေးနိုင်မယ်၊ လုံခြုံမှုရှိမယ်၊ ထွက်လာတဲ့သီးနှံအတွက် ဈေးကောင်းရမယ်ဆိုရင်၊ လူမှုစီးပွားရေးတွေအတွက် မျှော်လင့်ချက်နဲ့ ဒီဥပဒေကို ပြဋ္ဌာန်းတာပါ” လို့ ပြောပါတယ်။
ဒီဥပဒေအရ  လယ်သမားတွေရဲ့ ဘ၀ဖွံ့ဖြိုးတိုးတက်စေဖို့ အားသာချက်တွေ အများအပြားရှိတယ် ဆိုပေမယ့် အားနည်းချက်ကတော့ အခြေခံဈေးနှုန်း သတ်မှတ်တဲ့နေရာမှာ မမှားဖို့လိုတယ်လို့ ဆိုပါတယ်။
“ကောင်းတာက လယ်သမားက ပိုလုံခြုံမှုရှိလာမယ်၊ ဒါကောင်းတဲ့အချက်။ မသင့်လျော်မှာကတော့ ချေးငွေတအား ချေးပေးတာတို့၊ အကာအကွယ်ပေးလွန်းရင်လည်း လယ်သမားက မကြိုးစားတော့ဘူး။ ၂ မျိုးဖြစ်နိုင်တာပေါ့။”

ဒီဥပဒေကို လွှတ်တော်က ဘယ်နေ့မှာ အတည်ပြုပြဋ္ဌာန်းမယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။
ဒါပေမယ့် ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကစလို့ ပြန်လည်ခေါ်ယူကျင်းပနေတဲ့   ပထမအကြိမ် လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး သက်တမ်းကာလအတွင်း  ပြည်ထောင်စုလွှတ်တော်က အတည်ပြုဖို့ ရှိနေတဲ့ ဥပဒေမူကြမ်း  ၁၃ ခုထဲမှာ  တောင်သူ လယ်သမားများရဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေမူကြမ်းလည်းပါဝင်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

မြန်မာတနိုင်ငံလုံးမှာ စပါးစိုက်ဧက ၁၃ သန်းရှိပြီး စပါးစိုက် လယ်သမားပေါင်း ၄ သန်းခွဲလောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013