DVB Logo
Home
မြန်မာသတင်း
စိန်ဂေဟာတွင် မသန်စွမ်းသူများအတွက် သီးသန့်နေရာ စီစဉ်ပေး
DVB
·
July 4, 2013
စိန်ဂေဟာတွင် မသန်စွမ်းသူများအတွက် သီးသန့်နေရာ စီစဉ်ပေး
1 / 2
Donate to DVB

ရန်ကုန်မြို့ ပါရမီလမ်းရှိ စိန်ဂေဟာ စူပါမားကက်မှာ ကိုယ်အင်္ဂါမသန်စွမ်းသူတွေနဲ့ အမြင်အာရုံမသန်စွမ်းသူတွေအတွက် ဈေးဝယ်ရာမှာ သွားလာလှုပ်ရှားမှု အဆင်ပြေစေဖို့ ဒီရက်ပိုင်းအတွင်းမှာ Barrier Free (အတားအဆီးကင်းသော) နေရာတွေ ပြုလုပ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

စိန်ဂေဟာ ဆူပါမားကက်မှာ အရင်က မသန်စွမ်း Customer တွေအတွက် အစီအစဉ်တွေ ဘာမှမရှိခဲ့ဘဲ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က အကြိမ်ကြိမ် သွားရောက်တွေ့ဆုံဆွေးနွေးပြီး Barrier free လုပ်ဖို့တင်ပြခဲ့ရာက အစပြုလို့ အခုလို လုပ်ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စိန်ဂေဟာဝန်ထမ်း ၁၅၀ ကိုလည်း မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးသင်တန်း ဖိတ်ခေါ် ပေးခဲ့ကြောင်း၊ အထူးသဖြင့် ကိုယ်အင်္ဂါမသန်စွမ်းသူ၊ နားမကြားသူ၊ မျက်စိမမြင်သူနဲ့ ဥာဏ်ရည်မသန်စွမ်းသူ Customer များ ဈေးဝယ်လာရောက်တဲ့အခါ ဘယ်လိုဝန်ဆောင်မှုပေးရမယ်ဆိုတာတွေ၊ နားမကြားသူတွေနဲ့ တွေ့တဲ့အခါ အခြေခံလက်သင်္ကေတပြ ဘာသာစကားနဲ့ ဘယ်လိုဆက်သွယ် ပြောဆိုရမယ်ဆိုတာတွေကို သင်တန်းမှာ အသိပညာပေးခဲ့တယ်လို့ ပြောပါတယ်။

ဒီအစီအစဉ်တွေ မလုပ်ခင်က မသန်းစွမ်းသူတွေ ဈေးဝယ်သွားရာမှာ အခက်အခဲ ကြုံရပုံကို မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှာ စီမံကိန်းဒါရိုက်တာ ဦးနေလင်းစိုးက အခုလိုပြောပါတယ်။

“ဒီအစီအစဉ်တွေ မလုပ်ခင်က မသန်စွမ်းသူတွေ အထူးသဖြင့် ၀ှီးချဲသုံးသူတွေ စူပါမားကက်ထဲကို ၀င်ဖို့ မလွယ်ကူခဲ့ပါဘူး။ မသန်စွမ်းသူလာရင် ဘယ်လိုဝန်ဆောင်မှုပေးရမယ်ဆိုတာတွေကို သူတို့ဝန်ထမ်းတွေက မသိခဲ့တဲ့အခါကျတော့ အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ တနည်းအားဖြင့် မသန်စွမ်းသူ Customer တွေ အများနည်းတူ ဈေးမ၀ယ်နိုင်ခဲ့ဘဲ မျက်နှာငယ်ခဲ့ရတယ်။”

အခုလို စီစဉ်ပေးတဲ့အတွက် မသန်စွမ်းသူတွေ ၀မ်းသာနေကြပြီး အထူးကျေးဇူးတင်တယ်လို့ ပြောပါတယ်။

“အခုလိုလုပ်ပေးတော့ ကျနော်တို့ မသန်စွမ်းသူတွေက ၀မ်းသာတယ်။ အားလုံးအတွက် အဆင်ပြေတဲ့ နေရာထိုင်ခင်းနဲ့ ၀န်ဆောင်မှုတွေစီစဉ်ပေးတဲ့ စူပါမားကက်ကိုလည်း ကျေးဇူးတင်တယ်။ ကျန်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် စံပြဖြစ်စေတယ်လို့ ခံယူပါတယ်။”
အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ မသန်စွမ်းသူတွေအတွက် အတားအဆီးဖြစ်စေတဲ့ အဆောက်အအုံတွေ၊ လမ်းတွေနဲ့ အများသုံးသန့်စင်ခန်းတွေမှာ Barrier Free နေရာတွေ ဖြစ်အောင် ဆက်လက်လုပ်ဆောင်သွားမည်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့အနေနဲ့ သမိုင်းမုဒိတာကွန်ဒို၊ ရန်ကုန်-နေပြည်တော် ၁၁၅ နားနေစခန်းနဲ့ နေရာအချို့ကိုလည်း Barrier free လုပ်ပေးခဲ့တယ်လို့ ပြောပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေ ၁ ဒဿမ ၃ သန်းခန့်ရှိပြီး နိုင်ငံလူဦးရေရဲ့ ၂ ဒဿမ ၃၂ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013