DVB Logo
Home
မေးမြန်းခန်း
မြန်မာနိုင်ငံသားအဖြစ် ပြန်လျှောက်သူများကို စိစစ်ပေးနေပြီ
DVB
·
July 4, 2013
Donate to DVB

ပြည်ပနိုင်ငံသားခံယူထားတဲ့  မြန်မာနိုင်ငံသားတွေ နိုင်ငံသားအဖြစ် ပြန်လည် လျှောက်ထားမှု ရှိနေပြီး လျှောက်ထားလာသူတွေကို စိစစ်လုပ်ဆောင်ပေးနေပါတယ်။

လောလောဆယ် နိုင်ငံသားလျှောက်ထားသူပေါင်း ၅၆ ဦး ရှိနေပြီဖြစ်ပြီး စိစစ်ဆဲအဆင့်ပဲ ရှိပါသေးတယ်။
မြန်မာနိုင်ငံသား ပြန်လည်လျှောက်ထားသူတွေကို အဆင့်ဆင့် စိစစ်လုပ်ဆောင်ပေးနေတာနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို မှတ်ပုံတင် ပြန်လုပ်ပေးနေပြီဆိုတာနဲ့ပတ်သက်ပြီး ရှင်းပြပေးပါ။

“ကျနော်တို့ဆီကနေ တခြားနိုင်ငံမှာ သွားပြီး နိုင်ငံသားခံယူထားတဲ့သူတွေရှိတယ်။ အဲဒါကို ဒီနိုင်ငံသားခံယူပြီး မြန်မာနိုင်ငံမှာ ပြန်လာနေချင်တယ်ဆိုရင် နေလို့ရတယ်ဆိုပြီး သမ္မတကြီးကနေပြီး ကြေညာထားတာရှိတယ်။ တချို့ လျှောက်ထားလာတာ ရှိတယ်။ သူတို့လုပ်ရမယ့်လုပ်ငန်းလေးတွေကို ကျနော်တို့ အသေးစိတ်ပြန် ရေးဆွဲပြီးတော့ လုပ်နေတာပါ။ အဲကိစ္စကိုပြောတာ ဖြစ်ပါလိမ့်မယ်။”

ဘယ်တော့လောက် လုပ်ပေးမှာလဲ။

“အခုကို လျှောက်တဲ့သူတွေကလည်း လျှောက်နေပါတယ်။ တခုတော့ ရှိတယ် ကျနော်တို့က ကျနော်တို့နိုင်ငံသား ဟုတ်ရဲ့လား ဆိုတာ စိစစ်ရတာပေါ့။ ကျနော်တို့နိုင်ငံမှာတုန်းက ဘယ်လိုကတ်ပြားမျိုးတွေ ကိုင်ခဲ့လဲ။ အဲဒါတွေကို အောက်ခြေမှာ ပြန်ပြီးစိစစ်ရမယ်။ သူတို့က ဟိုနိုင်ငံသားခံယူတဲ့အခါ ဒီနိုင်ငံသားအဖြစ်က စွန့်လွှတ်လိုက်တာကို။ ဟိုနိုင်ငံသားမခံယူခင်က သူဘာကိုင်ခဲ့လဲဆိုတာ ကျနော်တို့က ပြန်စိစစ်ရတယ်။ ပြည်ထဲရေးကတော့ ပြည်မှုဆိုင်ရာတွေနဲ့ ကင်းရှင်းကြောင်း သူတို့က စိစစ်ပေးရတယ်။ အထူးသဖြင့် ရာဇ၀တ်မှုပေါ့။ အဲဒါတွေ စိစစ်ပြီးရင် ငွေရေးကြေးရေးအရ ဖြစ်ပြီးထွက်သွားတဲ့သူတွေရှိမယ်။ တချို့သူတွေက သူများ ငွေရေးကြေးရေး လိမ်လည်သွားတာတို့၊ တချို့တွေက ရာဇ၀တ်မှုတွေ ဖြစ်ခဲ့တာတို့။ အဲဒါတွေ ကင်းရှင်းသလားဆိုတာ ပြည်ထဲရေးက စိစစ်ပေးတာပေါ့။ ကျနော်တို့ဆီကတော့ မြန်မာနိုင်ငံသား အဆင့်အတန်းပေါ့။ မြန်မာပြည်မှာနေတုန်းက ဘယ်လိုအဆင့်တန်းမျိုးရှိခဲ့တယ်၊ ဘယ်လိုဟာမျိုး ကိုင်ခဲ့လဲဆိုတာ အဲဒီနှစ်ခုကို ပေါင်းပြီးတော့ ကျနော်တို့ သမ္မတရုံးကို တင်ပြရပါမယ်။ သမ္မတရုံးက ပြန်ပြီး ဒီလူဟာ ဒီအတိုင်း ဒီအတိုင်းရှိတယ်ဆိုပြီး နိုင်ငံခြားရေးရုံးကို ပြန်ပြီး အကြောင်းကြားပေးရတယ်။ နိုင်ငံခြားရေးကနေပြီး ဟိုမှာ ကာယကံရှင်ကို ပြန်ပြောတာပေါ့။ ခင်ဗျားကတော့ ဒီအတိုင်းရှိတယ်၊ ခင်ဗျားကတော့ ရာဇ၀တ်မှု ကျူးလွန်တာရှိတယ်၊ မရှိဘူးဆိုရင်လည်း ခင်ဗျား ပြန်လို့ရတယ်။ အဲဒါဆို ဟိုနိုင်ငံသားခံယူထားတာကို စွန့်လွှတ်ရမယ်။ စွန့်လွှတ်ပြီးပြီဆိုတဲ့အကြောင်းကို ဟိုနိုင်ငံကနေပြီး တရားဝင် စာပေးမယ်။ ပြီးတော့ ကျနော်တို့သံရုံးကနေ တရားဝင် စာထုတ်ပေးရမယ်။ ပြီးတော့ တရားဝင် မြန်မာပြည်ပြန်ဝင်လာမှာပေါ့။ ပြီးတဲ့အခါ သူဘယ်မှာနေမှာလဲ၊ မိဘအိမ်မှာ နေမှာလား၊ မိသားစုရှိတဲ့ အိမ်မှာ နေမှာလား။ အဲနေ့တဲ့ မြို့နယ်မှာသွားပြီးတော့ အိမ်ထောင်စုစာရင်း လုပ်ရမယ်။ သွင်းပြီးတဲ့အခါမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးဖို့ ပြန်လျှောက်ရမယ်။ ကျနော်တို့ လိုအပ်တဲ့အချက်အလက်တွေ ပြန်ဖြည့်ပြီးတာနဲ့ သူရသင့် ရထိုက်တဲ့ ကတ်ပြားတမျိုးမျိုး ပြန်ရမှာပေါ့။”

တခြားနိုင်ငံရောက်နေတဲ့ သူတွေအတွက် ရည်ရွယ်ပြီး လုပ်ဆောင်ပေးတာပေါ့။

“အမေရိကန်၊ ဩစတြေးလျ၊ တချို့တွေလည်း အိန္ဒိယ အမျိုးမျိုး အများကြီး ပါပါတယ်။ တချို့တွေက ဟိုနိုင်ငံသားမခံယူဘူးဆိုပေမယ့် ကျနော်တို့ဆီက ဥပဒေထဲမှာပါတာက တခြားနိုင်ငံသားခံယူခဲ့လို့ရှိရင် နိုင်ငံသား ကိုင်ဆောင်တဲ့လက်မှတ် သို့မဟုတ် ခရီးသွားလက်မှတ်မျိုး ကိုင်ရင်လည်း အဲဒါကို ပြန်အပ်ရမှာပေါ့။ ပြီးရင် မြန်မာနိုင်ငံသားဖြစ်သွားရင် မြန်မာနိုင်ငံက ပတ်စပို့ ပြန်ထုတ်ပေါ့။ အဲလိုထုတ်ပြီး သွားလာလို့ရပါတယ်။”

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ သိသင့်သိထိုက်တာတွေ ရှိရင်လည်း ပြောပေးပါ။

“တချို့တွေက ဆိုရှယ်ဗီဇာတို့ ဘာတို့နဲ့ ရောက်နေတာပေါ့။  မြန်မာနိုင်ငံထဲ ရောက်တော့မှ လျှောက်တဲ့သူတွေလည်း ရှိတယ်။ အဲဒီလူတွေကိုလည်း ဟိုကနေပြီးတော့ သမ္မတရုံးနဲ့ ကက်ဘိနက်ကနေပြီး ဒီလူတွေကို ခွင့်ပြုတယ်၊ ပြန်လာခွင့်ပြုပြီ။ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်နေထိုင်ခွင့် ပြုပြီဆိုတာနဲ့ ကျနော်တို့က သူတို့ကို အကြောင်းကြားမယ်။ အကြောင်းကြားရင် အထဲမှာ ရောက်နေတဲ့သူဆိုရင်လည်း မြန်မာပြည်မှာ သူကိုင်ထားတဲ့နိုင်ငံက သံရုံးရှိတယ်ဆိုရင်လည်း အဲဒီသံရုံးကို အပ်ရမှာပေါ့။ အမေရိကန်တို့၊ အင်္ဂလန်တို့၊ ဩစတြေးလျတို့ကလည်း မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လက်ခံမှာ သေချာပြီလားလို့ သူတို့က မေးတယ်။ သေချာပြီဆိုမှ အပ်လို့ရတယ်။ ဘာလို့လဲဆိုတော့ သူက နိုင်ငံမဲ့ ဖြစ်သွားနိုင်တာကို။ ကျနော်တို့ဆီက သေချာပြီ အကြောင်းကြားရင် သူက အပ်ရမယ်။ ဟိုနိုင်ငံမှာဆိုရင်လည်း ဟိုနိုင်ငံမှာ အပ်ပြီး ကျနော်တို့ သံရုံးနဲ့ ဆက်သွယ်ပြီး အပ်ပြီးပါပြီဆိုပြီး ပြန်လာပေါ့။ သူတို့ အဲလိုအပ်နိုင်ဖို့ အစိုးရအဖွဲ့ရုံးတို့က ပြန်ပြီး သူ့ကို လက်ခံပြီဆိုတဲ့အကြောင်းကို စာပြန်ပေးမှာပါ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013