
တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှာ ကျင်းပတဲ့ ၂၀၂၆ ကမ္ဘာ့ဝါရင့် အားကစားသမားများ ချန်ပီယံရှစ် ပြေးခုန်ပစ် ပြိုင်ပွဲမှာ အသက် ၁၀၇ နှစ်အရွယ် ထိုင်းအားကစားသမားကြီး စဝမ်ချန်ပရမ်ဟာ သံပြားဝိုင်းပစ်ပြိုင်ပွဲမှာ သူ့ရဲ့ ကမ္ဘာ့စံချိန်ဟောင်းကို ချိုးဖျက်ကာ ရွှေတံဆိပ် ၂ ခု ဆွတ်ခူးရရှိခဲ့ပါတယ်။
ဩဂုတ် ၂၇ ရက်က ကျင်းပခဲ့တဲ့ အမျိုးသားအသက် ၉၅ နှစ်နဲ့အထက် သံပြားဝိုင်းပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ စဝမ်ချန်ပရမ်ဟာ ဒီအသက်အရွယ်အုပ်စုမှာ တဦးတည်းသော အားကစားသမား ဖြစ်ပြီး သူဟာ ပြိုင်ပွဲစည်းမျဉ်းအတိုင်း တခြားပြိုင်ပွဲဝင်တွေ နည်းတူ ၁ ကီလိုဂရမ်အလေးချိန်ရှိ သံပြားဝိုင်းကို အသုံးပြုကာ ယှဉ်ပြိုင်ခဲ့တာပါ။
စဝမ်ဟာ ၇ ဒသမ ၅၉ မီတာအကွာအဝေးအထိ အဝေးဆုံး ပစ်နိုင်ခဲ့ပြီး ထိုင်ဝမ်မှာ ကျင်းပခဲ့တဲ့ ၂၀၂၅ ကမ္ဘာ့ဝါရင့် အားကစားသမားများ ပြိုင်ပွဲတုန်းက သူကိုယ်တိုင် တင်ရှိခဲ့တဲ့ ၇ ဒသမ ၅၀ မီတာ စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းအားကစားသမားကြီး စဝမ်ဟာ ဩဂုတ် ၂၉ ရက်က ကျင်းပတဲ့ အမျိုးသား အသက် ၁၀၀ နဲ့အထက် လှံတံပစ်ပြိုင်ပွဲမှာလည်း ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၀ ဒသမ ၀၄ မီတာ အကွာအဝေးအထိ ပစ်လွှတ်ကာ သူ့အတွက် ဒုတိယမြောက် ရွှေတံဆိပ်ကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ပြိုင်ပွဲအပြီးမှာ ဒယ်ဂူးမြို့တော်ဝန်က စဝမ်ကို ကမ္ဘာ့အသက်အကြီးဆုံး ပြေးခုန်ပစ် အားကစားသမားအဖြစ် အသိအမှတ်ပြုတဲ့ အထူးဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
Source: Khaosod











