DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ကေအိုင်အိုအဖွဲ့ ရုံးပြန်ဖွင့်ရန် ပြင်ဆင်
DVB
·
July 3, 2013
မြစ်ကြီးနားတွင် ကေအိုင်အိုအဖွဲ့ ရုံးပြန်ဖွင့်ရန် ပြင်ဆင်
Donate to DVB

အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အကြား သဘောတူညီချက်ကို လက်တွေ့ အကောင်အထည်ဖော်မှုအဖြစ် ကေအိုင်အို ကိုယ်စားလှယ်တချို့ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ရောက်ရှိပြီး အလုပ်အဖွဲ့ရုံးဖွင့်ဖို့ ပြင်ဆင်နေကြပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက မြစ်ကြီးနားမြို့မှာ နှစ်ဘက်တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်မထိုးနိုင်ကြသေးပေမယ့် အလုပ်အဖွဲ့တွေ ဖွဲ့စည်းဖို့ သဘောတူခဲ့ပြီးနောက် လက်တွေ့အကောင်အထည်ဖော်ဖို့ ကေအိုင်အိုတာဝန်ရှိသူတွေ မြစ်ကြီးနားမြို့ကို မနေ့က  ရောက်ရှိနေကြတာပါ။

အလုပ်အဖွဲ့တွေ ဖွဲ့စည်းဖို့ ကေအိုင်အို လက်ထောက်နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂေါ်လူလအောင် ဦးဆောင်ပြီး ဗိုလ်မှူးကြီး ဖုန်ဂန်ခွန်နောင်၊ ဗိုလ်မှူးကြီးဆင်ဝါး၊ ဆရာဒေါင်ခါး အပါအ၀င် အားလုံး ၁၂  ဦး ပါဝင်ပါတယ်။

ကေအိုင်အို အလုပ်အဖွဲ့ ဖွဲ့စည်းတဲ့အခါ လူမှုရေး အသင်းအဖွဲ့က ပုဂ္ဂိုလ်တွေနဲ့ ပညာရှင်တွေ ပါဝင်ဖွဲ့စည်းမှာဖြစ်ပြီး ဒီလလယ်ပိုင်းကျရင် ရုံးဖွင့်ကြလိမ့်မယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

“အလုပ်အဖွဲ့ ဖွဲ့တာမှာ အစိုးရအဖွဲ့က မပါဘူး။ ကေအိုင်အိုနဲ့ အရပ်ဘက်က ပညာရှင်တွေပါဝင်ပြီး အားလုံးစုပြီး ရုံးနဲ့ပတ်သက်တဲ့ စီစဉ်စရာရှိတာ ပြင်ဆင်လုပ်ဖို့အတွက် ကြိုတင်ရောက်ရှိလာကြတယ်။ ဒီလ ၁၀ ရက်ကျော်လောက် နောက်ထပ် အလုပ်အဖွဲ့ ဖွဲ့ဖို့လေ။”

အလုပ်အဖွဲ့ရုံးခန်းကို မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်းအနီးက အရင်ဆက်ဆံရေးရုံးအဟောင်းကိုပဲ သုံးဖို့ စီစဉ်နေကြပါတယ်။

ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ကေအိုင်အို ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာက အပြုသဘော ဖြစ်ထွန်းမှုဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

“အပြုသဘောဆောင်တယ်လို့ မြင်တယ်။ အပစ်အခတ်ရပ်နည်းသွားအောင် လုပ်ပြီးတော့မှ ကိုယ်စားလှယ်အချင်းချင်း တွေ့ဆုံဆွေးနွေးရေး ဆက်လုပ်သွားဖို့ လမ်းစပေါ်လာတယ်။ အလုပ်အဖွဲ့ဆိုတာလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ တဖက်နဲ့တဖက် တွေ့ဆုံဆွေးနွေးဖို့ ဆက်သွယ်ဖို့ လိုအပ်တယ်။ အစိုးရတာဝန်ရှိ ကိုယ်စားလှယ်အဖွဲ့နဲ့ဆက်သွယ်ဖို့လိုရင် ဒီအဖွဲ့ကလူတွေနဲ့ ဆက်သွယ်သွားမယ်။ ကေအိုင်အိုဗဟိုကိုလည်း အကြံဥာဏ်ပေးစရာရှိတာပေးမယ်။ ပြည်သူလူထုတွေနဲ့လည်း ဆက်ဆံသွားမယ်ဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲအတွက် အဓိကကျတဲ့ လုပ်ဆောင်ချက်တခုလို့ မြင်တယ်။”

ကေအိုင်အိုနဲ့ အစိုးရအကြား မေလ ၂၈ ကနေ ၃၀ ရက်နေ့အထိ ဆွေးနွေးပွဲမှာ အစိုးရနဲ့ ကေအိုင်အိုအဖွဲ့တို့ နိုင်ငံရေးဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့၊  နှစ်ဖက်တပ်ဖွဲ့တွေ ပစ်ခတ်မှုလျှော့ချရေး၊ တိုက်ပွဲတွေ ထပ်မဖြစ်အောင် နှစ်ဖက်ထိန်းသိမ်းဆောင်ရွက်ဖို့၊ နှစ်ဖက်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ စောင်ကြပ်ကြည့်ရှုရေးအဖွဲ့ဖွဲ့ဖို့၊ နယ်မြေလုံခြုံရေးအရ ရွာပုန်းရွာရှောင် ဒုက္ခသည် (အိုင်ဒီပီ) တွေအတွက် ပြန်လည်ထူထောင်ရေးကိစ္စတွေလုပ်ဆောင်ဖို့၊ တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုတွေ ဆောင်ရွက်ကြဖို့နဲ့ လိုအပ်တဲ့လုပ်ငန်းစဉ်တွေ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် အလုပ်အဖွဲ့တဖွဲ့ကို မြစ်ကြီးနားမြို့မှာ ထားရှိဖို့ စတဲ့ သဘော တူညီချက် ၇ ခုကို သဘောတူလက်မှတ် ထိုးခဲ့ကြပါတယ်။

ကေအိုင်အိုနဲ့ အစိုးရအကြား ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလမှာ အပစ်အခတ်ရပ်စဲရေး ပြန်လည်ဆွေးနွေးခဲ့ကြပြီးနောက် အခုလို မြစ်ကြီးနားမြို့မှာ တရားဝင် ရုံးခန်းဖွင့်လှစ်ဖို့ ပြင်ဆင်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013