DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၂ သန်းကျော်ရှိလာ
DVB
·
September 24, 2020
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၂ သန်းကျော်ရှိလာ
Donate to DVB

တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူအရေအတွက်ဟာ စက်တင်ဘာ ၂၄ ရက်မနက်အထိ  ၃၂ သန်းကျော်ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၉၈၁,၉၆၈ ယောက် ရှိပြီလို့  Worldometers ဝက်ဆိုက်မှာ ဖော်ပြပါတယ်။

       ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၇ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၂၀၆,၅၉၃ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၅ ဒသမ ၇ သန်းကျော်နဲ့ သေဆုံးသူ ၉၁,၁၇၃ ယောက်နဲ့ ထိပ်ဆုံးမှာ ရှိနေတာပါ။

အဲဒီနောက်မှာတော့ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၄ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၁၃၉,၀၆၅ ယောက်၊ ရုရှားနိုင်ငံက  ကူးစက်ခံရသူ ၁ ဒဿမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၁၉,၇၉၉ ယောက် အသီးသီးနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့ပွားမှု ထိပ်ဆုံး ၄ နိုင်ငံအနေနဲ့ ရပ်တည်နေပါတယ်။

ရောဂါဖြစ်ပွားမှု စတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၃၁၄ ယောက်နဲ့ သေဆုံးသူ ၄,၆၃၄ ယောက် ရှိနေပြီး အဆင့် ၄၃ အထိ ကျဆင်း သွားပါတယ်။

အာရှဒေသတွင်းနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု အမြင့်ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အီရတ်နိုင်ငံတွေက ကူးစက်ခံရသူ ဦးရေ ၄၃၂,၇၉၈ ယောက်၊ ၃၅၃,၈၄၄ ယောက်၊ ၃၃၂,၆၃၅ ယောက်စီနဲ့ အသီးသီး ရှိပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ဖိလစ်ပိုင်နိုင်ငံက ရောဂါကူးစက်ခံရသူ အရေအတွက် ၂၉၄,၅၉၁ ယောက်၊  စုစုပေါင်း သေဆုံးသူ ၅,၀၉၁ ယောက်နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး သူ့နောက်မှာတော့ အင်ဒိုနီးရှားနိုင်ငံက ရောဂါကူးစက်ခံရသူ အရေအတွက် ၂၅၇,၃၈၈ ယောက်၊  စုစုပေါင်း သေဆုံးသူ ၉,၉၇၇ ယောက်နဲ့ ကပ်လိုက်နေပါတယ်။

တတိယနေရာမှာတော့ စင်ကာပူနိုင်ငံက ရောဂါကူးစက်ခံရသူ အရေအတွက် ၅၇,၆၃၉ ယောက်၊  စုစုပေါင်း သေဆုံးသူ ၂၇ ယောက်နဲ့ ရပ်တည်နေပြီး သူ့နောက်မှာ မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူ အရေအတွက် ၁၀,၅၀၅ ယောက်၊  စုစုပေါင်း သေဆုံးသူ ၁၃၃ ယောက်နဲ့ ရှိနေပါတယ်။

မြန်မာနိုင်ငံကတော့ ရောဂါကူးစက်ခံရသူ အရေအတွက် ၇,၈၂၇ ယောက်၊  စုစုပေါင်း သေဆုံးသူ ၁၃၃ ယောက်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ရောဂါကူးစက်ခံရမှုအမြင့်ဆုံးအဆင့် ၅ နိုင်ငံစာရင်းထဲ ပါဝင်လာပါတယ်။

မြန်မာနိုင်ငံရဲ့ နောက်မှာတော့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအို နိုင်ငံတွေ အသီးသီး ရှိနေကြပြီး ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးရတဲ့ လူနာ ခုချိန်ထိ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါတခုအသွင် လျင်လျင် မြန်မြန်ပဲ ကူးစက်ပျံ့နှံ့နေခဲ့တာပါ။

မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူး စက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်နေပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013