
စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်နဲ့ တကောင်းနယ်တို့ကို စစ်တပ်က မတ် ၁၀ ရက်နောက်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပြီး အင်းတော်မြို့ကို ပြန်သိမ်းဖို့ အင်အားထောင်ချီအသုံးပြုပြီး စစ်ကြောင်း ၂ ခုနဲ့ ထိုးစစ်ဆင်နေပါတယ်။
စစ်တပ်က ထီးချိုင့်-ကသာလမ်းကနေ စစ်ကြောင်းတခု၊ တကောင်းဘက်ကနေ စစ်ကြောင်းတခုနဲ့ ထီးချိုင့်-ကသာ-ဗန်းမော်လမ်းတလျှောက်ကနေ အင်းတော်မြို့ကို ပြန်သိမ်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
စစ်ကိုင်း-ကချင်နယ်စပ်အထိ စစ်ကောင်စီတပ်တွေက ဖိအားပေး တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့အနီး နဘားလမ်းဆုံအထိ ဧပြီ ၂၉ ရက်နေ့မှာ ပြန်ထိန်းချုပ်ထားပါတယ်။ စစ်ကောင်စီက ဒီလမ်းကြောင်းတလျှောက်ကို ပြန်သိမ်းဖို့ တလကျော် အချိန်ယူပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ကသာဒေသခံတယောက်က “အင်းတော်က နဘားလမ်းဆုံဟိုဘက်က နမ့်ယမ်ခေါင်ထိတော့ စစ်သားတွေ သူတို့ ရသွားတာလေ၊ အဲဒီအထိတော့ ရောက်နေပြီပေါ့။ အင်အားက အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ၊ ထီးချိုင့်ဘက်ကလာတဲ့ စစ်ကြောင်းက ကသာကို ရောက်ပြီးတော့ အင်းတော်ဘက်ကို ဆက်ပြီးထိုးနေတာ။ တကောင်းဘက်ကလာတဲ့ စစ်ကြောင်းကတော့ ကသာက တပ်ပေါင်းစုတွေနဲ့ ထိတွေ့မှုတော့ ဖြစ်တယ်၊ ဒါပေမဲ့ အင်အားက မတရားများတော့ မကာနိုင်ဘူးလေ။ ခုဆိုရင် ၁၈-၁၉ လောက်ကတည်းက ကသာနယ်ထဲကို ရောက်လာပြီး ဖြည်းဖြည်းချင်းနဲ့ ၂၂-၂၃ ကျတော့ အင်းရွာတိုက်နယ်ထဲကို ရောက်လာတာ။ အင်းရွာထဲမှာ တပ်ဖြန့်ပြီးတော့ ပြည်သူတွေကိုတော့ စည်းရုံးရေးဆင်းနေတာပေါ့။ ဘာမှမလုပ်ဘူး ဆိုပြီးတော့။ အခုလည်း တကယ်ပဲ သူတို့က ပြည်သူကို ဘာမှမလုပ်သေးဘူး၊ ကျောင်းတွေ ဖွင့်မယ်၊ ဆေးရုံတွေ ဖွင့်မယ်၊ ရဲစခန်းတွေ ဖွင့်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့က။ ငအိုးဘက်က ၁၂၁ က တပ်ကလည်း ရွှေလီတံတားကို ကျော်လာပြီးတဲ့အခါကျတော့ ပျဉ်ထောင်ကြီး၊ ပျဉ်ထောင်လေးပေါ့နော်။ အဲဒီကနေ ငါးအိုးနယ်၊ စိမ့်ငူဘက်မှာ သူတို့ တပ်ဖြန့်ထားတယ်။ ဘယ်နားမှာ အတိအကျ ထိုင်နေတယ်ဆိုတာမျိုး တိတိကျကျမသိရဘဲနဲ့ ဖြန့်ထားတာပေါ့နော်။ ဟိုဘက်မှာလည်း တွေ့တယ်၊ ဒီဘက်မှာလည်း တွေ့တယ်။ ဒါပေမဲ့ ပြည်သူတွေကိုတော့ ဘာမှမလုပ်သေးဘူးပေါ့၊ သွားလာခွင့်ပြုတယ်ပေါ့၊ အင်အားကတော့ တော်တော်လေးကို များတယ်၊ တချို့ပြောတာလည်း ထောင်ချီရှိတယ်လို့ ပြောတာပေါ့" လို့ ပြောပါတယ်။
ထီးချိုင့်၊ တကောင်း၊ ကသာနဲ့ အင်းတော်မြို့က ပြည်သူအများအပြား စစ်ရှောင်နေရပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားစာနာက အကူအညီတွေပေးခဲ့ပေမဲ့ လုံလောက်မှု မရှိခဲ့ပါဘူး။
စစ်အာဏာရှင်တပ်တွေဟာ အခု စစ်ကြောင်းထိုး တိုက်ခိုက်ရာမှာ ပြည်သူတွေကို ဒုက္ခမပေးဘဲ စည်းရုံးတဲ့နည်းလမ်းကို တောက်လျှောက်အသုံးပြုပြီး တော်လှန်ရေးအင်အားစုတွေအပေါ် စိတ်ဓာတ်ရေးရာအရ ပြည်သူတွေ ထောက်ခံမှု အားနည်းသွားအောင်ပါ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ထီးချိုင့်ဒေသခံတယောက်က “ထီးချိုင့်အရှေ့ခြမ်းရော၊ ဧရာဝတီရဲ့အရှေ့ခြမ်းရော အနောက်ခြမ်းရောပေါ့။ အနောက်ခြမ်းက ထီးချိုင့်ကနေ ကသာထိအောင် ရောက်သွားပြီးပြီပေါ့။ နောက်ချန်တွေလည်း ရွာတွေမှာ အခုတိုင်းလိုမဟုတ်ဘူး နောက်ချန်တွေ ချန်ထားခဲ့တာပေါ့။ အရှေ့ခြမ်းကလည်း တူတူပဲ၊ မန္တလေး-ဗန်းမော်လမ်းမကြီး တလျှောက်လုံး စိုးမိုးသွားပြီပေါ့နော်။ ကြားထဲက ရွာတွေကတော့ ဝင်လိုက် ထွက်လိုက်နဲ့ အခုနောက်ဆုံး ကြားရတာကတော့ ကျေးရွာတွေမှာ အုပ်ချုပ်ရေးဖွဲ့နေတယ်လို့ ကြားပါတယ်။ ကိုယ့်ဘက်က အဖွဲ့တွေကတော့ ဒီအချိန်မှာ တိမ်းရ ရှောင်ရတာပေါ့နော်၊ အခြေအနေအရ ရှောင်ရတဲ့သဘောပါ။ နောက် ထူးခြားတာတခု ပထမဆုံးရောက်ခဲ့တဲ့တပ်က ဗိုလ်ကြီးခေ ါ်မလား၊ သူက စည်းရုံးရေး Social Skill ကောင်းတယ်လေ၊ ဒီလူကလည်း အရင်က ၂၀၂၂- ၂၃ မှာ ထီးချိုင့်မှာ အရင်ဆုံးရောက်ခဲ့တဲ့ ပုဂ္ဂိုလ်ပေါ့။ သူ သွားခဲ့တဲ့စစ်ကြောင်းတွေမှာ ရွာတွေ ရှို့တာတွေ ဖမ်းတာဆီးတာတွေ ဘာမှမရှိဘူး။ အခုနောက်ပိုင်း ကသာကနေ အင်းတော်သွားတဲ့ စစ်ကြောင်း မီးရှို့တယ်၊ ဖမ်းတယ် ဆီးတယ် ကြားတယ်၊။ တပ်တွေကလည်း တတပ်နဲ့တတပ် မတူဘူးပေါ့ဗျာ။ ပထမဆုံးဝင်လာတဲ့ အရှေ့ကြောင်းရော အနောက်ကြောင်းရောက အဲဒီရွာတွေ မီးရှို့တာတို့ မတရားလုပ်တာတို့ မရှိဘူး။ လူမရှိတဲ့အိမ်တွေက ပစ္စည်းတွေယူတာတော့ ရှိတယ်၊ အဲဒါတော့ အရင်တပ်လား နောက်တပ်လား မသိဘူးပေါ့နော်” လို့ ပြောပါတယ်။
ဧပြီ ၂၉ ရက်မှာ စစ်ကောင်စီတပ်တွေ ထိန်းချုပ်လိုက်တဲ့ နဘားလမ်းဆုံဟာ တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတဲ့ အင်းတော်မြို့နဲ့ ၁၃ မိုင်ဝန်းကျင်ခရီးသာရှိတဲ့အတွက် ဒေသကာကွယ်ရေးအဖွဲ့တွေအတွက် ဖိအားပိုကြီးလာတာ ဖြစ်ပါတယ်။
ရှမ်း-မန်း-စစ်ကိုင်းနယ်စပ်က ထိန်းချုပ်နယ်မြေအများစုကို တော်လှန်ရေးအစုအဖွဲ့တွေက လက်လွှတ်ရပြီးနောက်မှာ စစ်ကောင်စီက မြေပြင်မှာ ထောင်ချီတဲ့ အင်အားစုတွေနဲ့ ဆက်လက်ဖိအားပေးနေတာကြောင့် တော်လှန်ရေးအစုအဖွဲ့ခေါင်းဆောင်တွေဟာ ဧပြီလကုန်ပိုင်းမှာ ကသာ-ဗန်းမော်ကနေ ကချင်ပြည်ထဲအထိ ဆက်တိုက်နောက်ဆုတ်ခဲ့ရပါတယ်။










