
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃ ဦး တွေ့ရှိခဲ့ပြီး အသက် ၆၇ နှစ်ရှိ အမျိုးသား တစ်ဦး ပြင်းထန် အဆုတ်ရောင် ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ရှမ်းပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ည ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၃ ဦးထဲက နှစ်ဦးဟာ သားအဖ ဖြစ်ပြီး စက်တင်ဘာ ၁၈ နေ့က ရန်ကုန်က ပြန်ရောက်လာသူတွေ ဖြစ်ပါတယ်။
ဖခင်ဖြစ်သူဟာ ကွာရန်တင်းဝင်နေရာက ၂၀ နေ့မှာ အမောဖောက်တာကြောင့် မနက်ပိုင်းမှာ သံသယလူနာအနေနဲ့ စဝ်စံထွန်းဆေးရုံတင်ခဲ့ရကာ ညနေပိုင်းမှာ ဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူ မဆုံးခင်မှာ တို့ဖတ်နမူနာယူကာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ပင်လောင်းမြို့က ပိုးတွေ့လူနာ အမျိုးသမီး ကတော့ Facility Quarantine ဝင်ရောက်နေသူဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်နေ့ကျရင် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံမှာ တက်ရောက်ကုသမှုခံယူဖို့ လာရောက်ရမှာလို့ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက ပြောပါတယ်။
သတင်း - နန်းစပယ်










