DVB Logo
Home
မြန်မာသတင်း
အလုပ်ပိတ်ရက် ၂ ပတ်အတွင်း အနည်းဆုံးလုပ်ခလစာ အပြည့်ပေးရန် တောင်းဆို 
DVB
·
September 23, 2020
အလုပ်ပိတ်ရက် ၂ ပတ်အတွင်း အနည်းဆုံးလုပ်ခလစာ အပြည့်ပေးရန် တောင်းဆို 
Donate to DVB

ရန်ကုန်တိုင်းမှာ  Stay at home သတ်မှတ်ထားတဲ့ ကာလအတွင်း  CMP  လုပ်ငန်းတွေလည်း  နှစ်ပတ်လောက် ရပ်နားရမှာဖြစ်လို့  ရပ်နားထားတဲ့ အလုပ်ပိတ်ရက်တွေအတွက် အနည်းဆုံးလုပ်ခလစာ အပြည့်ပေးဖို့ အလုပ်သမားအဖွဲ့အစည်း ၁၃ ဖွဲ့က စက်တင်ဘာ ၂၂ ရက်က တောင်းဆို လိုက်ပါတယ်။

ရောင်ခြည်ဦး အလုပ်သမားသမဂ္ဂများအဖွဲ့က ဥပဒေ အထောက်အကူပြုတာဝန်ခံ ဦးနိုင်ဌေးလွင်က "အလုပ်သမားတွေက သူတို့လိုအပ်ချက်ကြောင့်နားရတာ မဟုတ်ဘူး။ ဒါကြောင့်သူတို့ရဲ့ အကျိုးခံစားခွင့်ကို အပြည့်အဝရပိုင်ခွင့်ရှိတယ်။ တချို့နိုင်ငံတော်က ထောက်ပံ့ကြေးငွေတွေဆိုရင် စက်ရုံအလုပ်သမားတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ ရပိုင်ခွင့်မရှိဘူးလို့ ခွဲခြားထားတာတွေရှိတယ်။ ဒါကြောင့် အလုပ်သမားအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ပြီး ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်"လို့ ပြောပါတယ်။

ကုန်ကြမ်းယူ ကုန်ချောပေး လက်ခစားလုပ်ငန်း (CMP) စက်ရုံအလုပ်ရုံတွေမှာ တာဝန်ထမ်း ဆောင်နေတဲ့ အလုပ်သမားတွေ စက်တင်ဘာ ၂၄  ရက်မှ အောက်တိုဘာ ၇ ရက်အထိ သီတင်း ၂ ပတ်ကြာ လုပ်ငန်းခွင်ကို သွားခွင့်မပြုဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ Stay at home အမိန့်မှာ ပါရှိတာပါ။ 

ဒီအမိန့်စာမှာ အလုပ်ပိတ်ရက်တွေအတွက်  လုပ်ခလစာ ပေးချေမှုမပါရှိ သေးတဲ့အတွက်ကြောင့် အလုပ်သမားတွေ နစ်နာမှုထပ်မရှိစေဖို့  ခုလို တောင်းဆိုတာလို့ အလုပ်သမားအဖွဲ့တွေက ဆိုပါတယ်။

အလုပ်သမားတွေကို အစိုးရအနေနဲ့ လူမှုဖူလုံရေးအကျိုးခံစားခွင့်ရန်ပုံငွေမှ ၆၀ ရာခိုင်နှုန်းနဲ့ အလုပ်ရှင်မှ ၄၀ ရာခိုင်နှုန်း ပေါင်းပြီးပေးဖို့နဲ့ အကျိုးခံစားခွင့် ရန်ပုံငွေနဲ့ အကျုံးမဝင်တဲ့ အလုပ်သမားတွေအတွက် အစိုးရရဲ့သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး ရန်ပုံငွေမှ ၆၀ ရာခိုင်နှုန်းနဲ့ အလုပ်ရှင်မှ ၄၀ ရာခိုင်နှုန်း ပေါင်းပြီး အပြည့်ပေးဖို့ အလုပ်သမားအဖွဲ့တွေက  တောင်းဆိုပါတယ်။

ပြည်ထောင်စုအစိုးရက အလုပ်သမားတွေနဲ့ပတ်သတ်တဲ့ ညွှန်ကြားချက်တွေထုတ်ပြန်တာနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကပါ နောက်ဆက်တွဲတွေကို အချိန်နဲ့ တပြေးညီ  ထုတ်ပြန်ပေး စေချင်ပါတယ်လို့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီပေးရေးအဖွဲ့မှ အငြင်းပွားမှု ဖြေရှင်းရေး တာဝန်ခံ ဒေါ်ခခ က ပြောပါတယ်။

“ဧပြီလ အတွက်အကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ပေးမယ်ဆိုပြီး ၄၀ ရာခိုင်နှုန်းကိုပဲ ဇူလိုင်၊ ဩဂုတ်လလောက်မှရခဲ့တယ်။ အဲ့အတွက်ကြောင့် အလုပ်သမားတွေအတွက် လုပ်ခလစာလည်း လျော့နည်းသလို တခြားလူမှုဒုက္ခတွေလည်း ရောက်ကြတယ်။ အခုအလုပ်ပိတ်ထားတဲ့ ကာလ အတွက် လူမှုဖူလုံရေးကြေးကို (အောက်တိုဘာလ)မှာတစ်ခါတည်းပေးဖို့ တောင်းဆိုထားတယ်။” 

ဥပဒေလုပ်ထုံးလုပ်နည်းတွေကို  လိုက်နာမှုမရှိဘဲ လုပ်သားလျှော့ချတာ၊ စက်ရုံပိတ်သိမ်းတာ တွေပြုလုပ်နေတဲ့ အလုပ်ရှင်တွေနဲ့ လုပ်ခလစာ ပေးချေမှုမရှိတဲ့ အလုပ်ရှင်တွေကို ထိရောက်စွာ အရေးယူပေးဖို့လည်း အလုပ်သမားအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကတော့ ရန်ကုန်တိုင်းအတွင်း ယာယီပိတ်သိမ်းမယ့် စက်ရုံ/အလုပ်ရုံတွေက အလုပ်သမားတွေအတွက် လုပ်ခလစာပေးဖို့ကိစ္စ   စက်တင်ဘာ ၂၁ ရက်က UMFCCI မှ တာဝန်ရှိတွေ၊ အလုပ်သမားကိုယ်စားလှယ်တွေနဲ့  ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဝန်ကြီးဌာန အနေနဲ့ လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းထားတဲ့ အလုပ်သမားတွေ အတွက် လူမှုရေးထောက်ပံ့ကူညီမှုတွေကို ဥပဒေနဲ့အညီ  ပေးအပ်သွားဖို့ စီစဉ်ထားတဲ့အကြောင်း၊  လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းထားခြင်း မရှိတဲ့ အလုပ်သမားတွေ အတွက်လည်း နိုင်ငံတော် အစိုးရမှ ထောက်ပံ့ပေးဖို့ စီစဉ်နေပြီး  အလုပ်ရှင်တွေကလည်းပူးပေါင်းကာ အလုပ်သမားတွေကို တတ်နိုင်သမျှ ထောက်ပံ့ ပေးစေလိုကြောင်း ဝန်ကြီးက ပြောသွားပါတယ်။

အလုပ်သမားအဖွဲ့အစည်းတွေဟာ ကိုဗစ်ပထမလှိုင်းတုန်းကလည်း   အလုပ်သမားတွေရဲ့ လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေနဲ့ ပတ်သက်တဲ့  ထုတ်ပြန်ချက်တွေလုပ်ခဲ့ပြီး သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေကိုလည်း တင်ပြတောင်းဆိုခဲ့တယ်။

သတင်း - အိသဇင်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013