DVB Logo
Home
မြန်မာသတင်း
စိန်ခေါ်မှုများနှင့် သိမ်မွေ့ရှုပ်ထွေးသည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြတ်သန်းနေရဟု မြန်မာဝန်ကြီးပြော 
DVB
·
September 23, 2020
စိန်ခေါ်မှုများနှင့် သိမ်မွေ့ရှုပ်ထွေးသည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြတ်သန်းနေရဟု မြန်မာဝန်ကြီးပြော 
Donate to DVB

မြန်မာနိုင်ငံဟာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးတည်ကြိုးပမ်းနေရာမှာ  မြောက်မြားစွာသော စိန်ခေါ်မှုတွေနဲ့ သိမ်မွေ့ရှုပ်ထွေးတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတစ်ရပ်ကို ဖြတ်သန်းနေရတဲ့ နိုင်ငံဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က  ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက နိုင်ငံတကာ အသိုက်အဝန်းရဲ့ အပြုသဘော ထိတွေ့ချဉ်းကပ်မှုပဲ ဖြစ်တယ်လို့လည်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။

ကုလသမဂ္ဂ တည်ထောင်တဲ့ (၇၅) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၂၁ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ အဆင့်မြင့်အစည်းအဝေးမှာ ဗီဒီယိုကနေတဆင့်  မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဝန်ကြီး ဦးကျော်တင်က “ကျနော်တို့ ဒီလိုကြိုးပမ်းအားထုတ်မှုတွေဟာ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လူ့အခွင့်အရေး ပြဿနာရပ်တွေနဲ့ ပတ်သက်လို့ များပြားလာတဲ့ ပြင်ပစိန်ခေါ်မှုတွေကြောင့် ပိုမိုခက်ခဲရှုပ်ထွေးလာခဲ့ရပါတယ်။ ဒီလိုသဘောသဘာဝ ရှိတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက နိုင်ငံတကာ အသိုက်အဝန်းရဲ့ အပြုသဘော ထိတွေ့ချဉ်းကပ်မှုပဲ ဖြစ်တယ်လို့ ကျနော်တို့ အနေနဲ့ အခိုင်အမာ ယုံကြည်ပါတယ်။”လို့ ပြောပါတယ်။

လက်ရှိအချိန် ကမ္ဘာကြီးမှာ စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းတွေ အပေါ်ကြီးမားတဲ့ ဖိစီးမှုတွေကျရောက်စေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဘေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရကြောင်းနဲ့  ကိုဗစ်-၁၉ ရောဂါဟာ အလုပ် အကိုင်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆုံးရှုံးမှုတွေ၊ ဆင်းရဲနွမ်းပါးမှုကို ပိုမိုဆိုးရွားစေမှုတွေ၊ ပညာရေးကဏ္ဍမှာ အဟန့်အတားတွေ ဖြစ်ပေါ်စေပြီး ဒီကပ်ရောဂါစိန်ခေါ် မှုကြီးကို စုပေါင်းတုံ့ပြန်နိုင်ဖို့ ပိုမိုခိုင်မာအားကောင်းတဲ့ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးစနစ် တစ်ရပ်ကို အရင်ကထက်ပိုပြီး လိုအပ်နေတယ်လို့လည်းပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ မြန်မာ့နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံ အုတ်မြစ်ဖြစ်တယ်၊ ကုလသမဂ္ဂ ပဋိညာဉ်ပါ အဖွဲ့ကြီးရဲ့ ရည်မှန်းချက်နဲ့ မူဝါဒတွေကို ဖြည့်ဆည်း ဆောင်ရွက်ရာမှာနဲ့ စိတ်ရင်းမှန်စွာ ပူးပေါင်းဆောင်ရွက် ရာမှာ မြန်မာနိုင်ငံဟာ မိမိတို့ရဲ့ တာဝန်ဝတ္တရားတွေကို ဘယ်သောအခါကမျှ ရှောင်လွှဲခြင်းမရှိခဲ့ပါဘူးလို့လည်းပြောပါတယ်။

မြန်မာနိုင်ငံသား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်နဲ့ ပတ်သက်ပြီးလည်း ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က “ကုလသမဂ္ဂ အဖွဲ့ကြီးကို ကျနော်တို့နိုင်ငံရဲ့ ကြီးမားတဲ့ ဖြည့်ဆည်း ပံ့ပိုးမှုတွေထဲက တစ်ခုကတော့ မြန်မာသံတမန်တစ်ဦး ဖြစ်တဲ့ ဦးသန့်က ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်း ရေးမှူးချုပ်အဖြစ် ဂုဏ်သရေကြီးမြတ်စွာ တာဝန်ထမ်းရွက် ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဦးသန့်ဟာ စစ်အေးကာလ အထွတ် အထိပ်မှာ စိုးရိမ်ဖွယ်ရာ ပဋိပက္ခအကျပ်အတည်းတွေကို တားဆီးကျော်လွှားနိုင်ခဲ့ပြီး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးဖြစ်စေဖို့ ဦးဆောင်လမ်းပြ ခဲ့သူပဲဖြစ်ပါတယ်။ သူဟာ ငြိမ်းချမ်းရေးကို နှစ်သက် မြတ်နိုးတဲ့ မြန်မာပြည်သူပြည်သားများရဲ့ စစ်မှန်တဲ့ ကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့ပါတယ်။”လို့ ပြောပါတယ်။

ကုလသမဂ္ဂဟာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံငယ် တွေရဲ့ မျှော်လင့်အားကိုးရာတစ်ခုအဖြစ် ဆက်လက် တည်ရှိနေရမှာ ဖြစ်ပါတယ်၊ ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ နိုင်ငံ ငယ်တွေရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ကြိုးပမ်းမှုတွေကို နှောင့်နှေးစေမှု မဖြစ်စေဘဲ၊ ကူညီပံ့ပိုး မှုသာပေးတဲ့ မိတ်ဖက်အဖွဲ့အစည်းအဖြစ်လည်းကောင်း၊ နိုင်ငံငယ်တွေကို အကာအကွယ်ပေးတဲ့ ယုံကြည်အားထားရာ မိတ်ဖက်အဖွဲ့အစည်းအဖြစ်လည်းကောင်း ပေါ်ထွန်း လာတာကို တွေ့မြင်လိုတယ်လို့လည်း မြန်မာဝန်ကြီးက ပြောသွားပါတယ်။

အဆိုပါ အစည်းအဝေးမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေက  “ကျွန်ုပ်တို့ လိုလားသော အနာဂတ်၊ ကျွန်ုပ်တို့ လိုအပ်သော ကုလသမဂ္ဂ - နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး စနစ်အတွက် ကျွန်ုပ်တို့၏ စုပေါင်းကတိကဝတ်ကို ထပ်လောင်းအတည်ပြုခြင်း” ခေါင်းစဉ်နဲ့ အွန်လိုင်းကနေ ပါဝင်ဆွေးနွေး ခဲ့ကြပါတာဖြစ်တယ်။

ကိုဗစ်-၁၉ ကပ်ဘေးကာလဖြစ်လို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေဟာ နယူးယောက်မြို့ကို ကိုယ်တိုင်သွားရောက်ခြင်းမရှိဘဲ အွန်လိုင်းကနေဆွေးနွေးခဲ့တာဖြစ်ပြီး ဒီဆွေးနွေးပွဲမှာ   ကုလသမဂ္ဂ (၇၅) နှစ်ပြည့် နှစ်ပတ်လည် အထိမ်း အမှတ်ကြေညာစာတမ်းကိုလည်း အတည်ပြုခဲ့ကြပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးနောက် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ (၅၈) နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013