DVB Logo
Home
မေးမြန်းခန်း
ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ သမ္မတအရည်အချင်းပြည့်မီ- ဦးဌေးဦး
DVB
·
July 2, 2013
ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ သမ္မတအရည်အချင်းပြည့်မီ- ဦးဌေးဦး
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ ၂ ဦးစလုံးဟာ နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်နိုင်တဲ့ အရည်အချင်းပြည့်မီတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဒီဗွီဘီကို ပြောပါတယ်။

နေပြည်တော်မှာ ရောက်ရှိသတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ထွန်းမြင့်နဲ့ မေးမြန်းခန်းမှာ ဦးဌေးဦးက ဖြေဆိုလိုက်တာဖြစ်ပါတယ်။ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းမရှိဘဲနဲ့တော့  ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတတာာဝန်ကို ထမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။

လွှတ်တော်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်ဖွဲ့မယ်ဆိုတာနဲ့ ပတ်သက်ပြီး အန်ကယ်ရဲ့ မှတ်ချက်လေး ပြောပေးပါ။

[caption id="attachment_29080" align="alignleft" width="300" caption="ဦးဌေးဦး"][/caption]

“မနေ့ကလည်း သတင်းစာရှင်းပွဲလုပ်တဲ့အချိန်မှာ ရှင်းပြပါတယ်။ တင်တဲ့ဥစ္စာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယဥက္ကဋ္ဌ သူရ ဦးအေးမြင့်က တင်တာ ဖြစ်ပါတယ်။ တင်တယ်ဆိုတဲ့ အဓိပ္ပာယ်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ ဒါ အမြဲတမ်းမှန်တယ်ဆိုတာလည်း မရှိပါဘူး။ အမြဲတမ်းလုပ်ရမယ်ဆိုတာလည်း မရှိဘူး။ ပြင်နိုင်တယ်ဆိုတာမျိုးလည်း ရှိကောင်း ရှိလာနိုင်တယ်။ ရှိလာနိုင်တယ်ဆိုရင် ဥပဒေနဲ့ ပတ်သက်လို့ လွှတ်တော်က စဉ်းစားရမယ်။ သို့သော် လွှတ်တော်တခုလုံးမဟုတ်ဘူး၊ ပြည်သူတွေလည်း ပါတယ်၊ အစိုးရလည်း ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အားလုံးနဲ့ဆိုင်တယ်၊ သိပ်လည်း အရေးကြီးတဲ့အတွက် တကယ်လို့ တင်လာမယ်ဆိုရင် ကော်မရှင်သို့မဟုတ် ကော်မတီဖွဲ့စည်းပြီး ဒါကို မတည်ပြီး စဉ်းစားနိုင်အောင် ဖွဲ့စည်းခွင့်တင်တာပါ။ ပြင်မယ်ဆိုပြီး ဆုံးဖြတ်တင်တာတော့ မဟုတ်ပါဘူး။”

ပြင်မယ်ဆိုရင်တော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ။

“ပြင်မယ်ဆိုရင် တစ်အချက်ကတော့ အချုပ်အခြာအာဏာကို မထိခိုက်ဘူး ဆိုတာမျိုးတွေ ကျနော်တို့ စဉ်းစားရမယ်။ အရင်ကလည်း ဒါပဲ စဉ်းစားခဲ့တာကို။ နောက်ပြီး တိုင်းရင်းသားတွေ သိပ်များတယ်။ ဒါကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မပြိုကွဲစေမယ့်၊ မထိခိုက်မယ့် ကိစ္စမျိုးကို ကျနော်တို့ စဉ်းစားမှာပေါ့။ နောက်တခုက ပြည်ထောင်စုကြီး မပြိုကွဲဖို့ဆိုတာလည်း ကျနော်တို့ စဉ်းစားမှာပေါ့။ ကျနော်တို့ ပါတီဗဟိုကော်မတီအစည်းအဝေးရဲ့ အလယ်နေ့မှာ ဗဟိုကော်မတီအစည်းအဝေးထဲမှာတော့ မပါဘူး။ ဒါပေမယ့် အဲဒီကာလရဲ့ ကြားကာလမှာ ဖက်ဒရယ်ဆိုတာနဲ့ ပတ်သက်လို့ ပညာရှင်တွေက ပြုစုပေးတာ ရှိပါတယ်။ ပြုစုပေးတဲ့အပေါ် မူတည်ပြီး သူတို့ စာတမ်းတွေဖတ်ကြတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ထင်ဟပ်ပြီး စာတမ်းတွေ ဖတ်ကြတယ်။ ဒါကြောင့် ဘယ်ဟာသည် ပထမဆုံး လုပ်ရမယ်ဆိုတဲ့ ကိစ္စကိုတော့ ကျနော်မြင်တာက ဘယ်ဥပဒေမဆို၊ ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေမဆို ပြည်ထောင်စုနိုင်ငံဖြစ်တယ်ဆိုရင် ပြည်ထောင်စုကြီးရဲ့ အကျိုး၊ တနိုင်ငံလုံးရဲ့အကျိုး၊ ဒီလိုပဲ စဉ်းစားရတာပဲ။ ဒါကြောင့် စဉ်းစားထားတာတွေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ထဲမှာ ပါပြီးသားဖြစ်တယ်။ စားထဲမှာတော့ ရေးထားပြီးသား။ သို့သော်လည်း အဲဒါတွေ တကယ်ဖြစ်သလား၊ တကယ်ရသလား။ အဓိကကတော့ ပါဝါခွဲဝေမှုပေါ့။ အစိုးရဆိုတာက ဗဟိုအစိုးရရှိတယ်၊ ပြည်နယ်တိုင်းဒေသကြီးမှာလည်း အစိုးရတွေရှိတယ်။ ဒီအစိုးရနှစ်ခုကြားမှာ ဘယ်ဟာတွေ လွတ်နေသေးလဲ။ ဘာလို့လဲဆိုတော့ ပြည်နယ်တိုင်းဒေသတွေရဲ့ ကိုယ်စားပြုတယ်ဆိုတာ တိုင်းရင်းသားတွေလည်းပါတယ်၊ ပြည်နယ်တိုင်းက လူတွေ အကုန်ပါတာပေါ့။ အဲဒီကြားထဲမှာ သူတို့ရဲ့ အခွင့်အရေးတွေ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားသော်လည်း မရသေးတာ ဘာတွေ ရှိနေသေးလဲဆိုတဲ့ လက်တွေ့လုပ်တဲ့ လုပ်ငန်းတွေ ကျနော်တို့ ပထမဆုံးမှာ ဒါတွေ စိစစ်ထုတ်ယူမယ်။ ထုတ်ပြီးရင် ကျန်တဲ့အပိုင်းကို ကျနော်တို့ ၀ိုင်းစဉ်းစားကြမှာပေါ့။ ကြိမ်းသေတာကတော့ နိုင်ငံအတွက်နဲ့ ပြည်သူအတွက်ပဲ ကျနော်တို့ လုပ်မှာပါ။”

ဆိုလိုတာက အခြေခံဥပဒေက ပြင်သင့်တယ်ဆိုရင် အန်ကယ်တို့အနေနဲ့  ထောက်ခံသွားမယ့်သဘောလား။

“ပြင်သင့်ရင်တော့ ထောက်ခံရမှာပေါ့။”

ပီအာရ်စနစ်အပေါ်မှာရော အန်ကယ်အနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ။

“ပီအာစနစ်နဲ့ ပတ်သက်လို့ အခုမှ လေ့လာတာမဟုတ်ပါဘူး။ အခုမှ ရေပန်းစားလာတာပါ။ ကျနော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံဥပဒေ ၂၀၀၈ ပြီးရင် အထွေထွေရွေးကောက်ပွဲကြီးလုပ်မယ်ဆိုတဲ့ အချိန်ကတည်းက ဘာစနစ်နဲ့ သွားမလဲဆိုတာ အကုန်လုံး ၀ိုင်းစဉ်းစားကြတာပဲ။ အဲတုန်းကတော့ ဒီလောက် ထင်ပေါ်ကျော်ကြားတာမရှိဘူး။ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် စနစ်အကြောင်း မစဉ်းစားဘဲ ဘယ်သူမှ မနေဘူး။ စဉ်းစားတော့ အဲထဲမှာ စနစ်မျိုးစုံပါတယ်။ ပီအာရ်စနစ်ဆိုတာ အဖျားဆွတ်ခေါ်နေတာ။ ပီအာရ်ဆိုတာက အင်မတန်ကျယ်ပြန့်တယ်။ ပီအာရ်စနစ်ဆိုတာ တနိုင်ငံနဲ့ တနိုင်ငံ မတူဘူး။ ဩစတြေးလျနိုင်ငံက ပီအာရ်နဲ့ ထိုင်းက ပီအာရ်နဲ့လည်း မတူဘူး။ သို့သော်လည်း သေချာတာကတော့ ကိုယ့်တိုင်းပြည်မှာရှိနေတဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီတဲ့၊ ပြည်သူတွေ လိုက်နာမယ့် စနစ်မျိုးသည် အကောင်းဆုံးပဲ။ ကော်မရှင်မှာလည်း ဆွေးနွေးကြတော့ ကျနော်အကြမ်းဖျင်း ဆွေးနွေးခဲ့ပါတယ်။ တစ်အချက်က ပြည်သူတွေဟာ သူပေးချင်တဲ့ ကိုယ်စားလှယ်ကို ရအောင် ပေးတတ်ဖို့လိုတယ်။ စနစ်တွေ ရှုပ်ထွေးပြီးတော့မှ သူက ကျနော့်ကို ပေးချင်တယ်၊ ဒါမှမဟုတ်ရင် သူက ကျနော့်ကို မပေးချင်ဘူး၊ သူများကို ပေးချင်တယ်။ သို့သော် စနစ်ရဲ့ ရှုပ်ထွေးမှုကြောင့် ပေးချင်တဲ့သူမရဘူးဆိုရင်လည်း ဒီစနစ်တွေက အကျိုးသက်ရောက်မှု မရှိဘူး။ စနစ်တိုင်းမှာ အားသာချက်တွေရှိတယ်၊ အားနည်းချက်တွေရှိတယ်။ ဒါကြောင့် ကျနော်တိုပ ပီအာစနစ်ကို လေ့လာနေတယ်၊ လေ့လာပြီး ပညာရှင်တွေက တင်ပြထားတဲ့အချက်တွေကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေ နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးရှိမလား၊ အကျိုးရှိတယ်ဆိုတဲ့ အချက်တွေကို ဆောင်ရွက်ကြမယ်ဆိုပြီး ကျနော်တို့ကို တာဝန်လွှဲပေးထားတယ်။ အဲအပေါ်မူတည်ပြီး စဉ်းစားနေဆဲပဲ၊ အခုတော့ ဆုံးဖြတ်လို့ မရသေးဘူး။

ခေတ်စားနေတာက မျိုးစောင့်ဥပဒေဆိုပြီး သံဃာတော်ကြီးတွေက ဦးဆောင်ပြီးလုပ်နေတဲ့ ဥပဒေကြမ်းနဲ့ပတ်သက်လို့ ဘယ်လိုသုံးသပ်ချင်ပါလဲ။

“အမျိုးစောင့်တယ်ဆိုတာ ၀ံသာနုရိက္ခိတရားပဲလေ။ နိုင်ငံတိုင်းက ဒါကိုပဲ လုပ်မှာပဲ။ သို့သော်ဘာတွေပါနေတယ်ဆိုတာ မသိဘူး။ နာမည်ကတော့ ကောင်းတာပဲ၊ အမျိုးစောင့်တယ်ဆိုတာ။ ဒါပေမယ့် ကျနော်တို့ရေးတဲ့ ဥပဒေတွေထဲမှာလည်း ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို စောင့်ထိန်းတာတွေ မပါနေဘူးလားဆိုတော့ ပါမှာပဲ။ အရေးကြီးဆုံးက ဒီကနေ့ မလိုချင်ဘဲ ရနေတဲ့ ပဋိပက္ခတွေရှိတယ်။ အဲဒါတွေ ချုပ်ငြိမ်းသွားဖို့လိုတယ်။ လှုံ့ဆော်မှုတွေ မဖြစ်ဖို့လိုတယ်။ ထင်ယောင်ထင်မှား မဖြစ်ဖို့လိုတယ်။ ဒါဆိုကောင်းတာပဲ။”

လက်ရှိပဋိပက္ခတွေဟာ မလိုချင်ဘဲရတယ်လို့ အန်ကယ်က သုံးသပ်တယ်ပေါ့နော်။ တချို့တွေကလည်း သုံးသပ်တယ်။ ဒီပဋိပက္ခတွေဟာ အရင် အစိုးရရဲ့ ဆိုးမွေလို့ပြောကြတယ်။ အဲအပေါ်မှာ ဘယ်လိုမြင်ပါလဲ။

“ဆိုးမွေလို့တော့ မထင်ပါဘူး။ ပြောတဲ့သူရဲ့ သုံးသပ်ချက်ပဲဖြစ်မယ်။ ဘယ်လိုပဲပြောပြောပေါ့နော်၊ ပြောသူရဲ့ နဂိုခံယူချက်အပေါ် မူတည်ထင်ဟပ်တာလေ။ ပြောတဲ့သူက ဘယ်လိုအခြေခံနဲ့ပြောလဲ၊ ဘယ်လိုခံယူချက်နဲ့ပြောလဲဆိုတာ မူတည်တယ်။ အဲအပေါ်မှာမူတည်ပြီး ကောင်းတယ်၊ ဆိုးတယ် အရင်အစိုးရ လုပ်တယ်၊ မလုပ်ဘူးဆိုတာဖြစ်တာပဲ။ ကျိန်းသေတာက ဒီစနစ်က အရင်အစိုးရလုပ်ခဲ့တာပဲ။ ဥပမာ လွှတ်တော်အဆောက်အဦဆို အရင် အစိုးရလုပ်ပေးခဲ့တာပဲ။ မဟုတ်ရင် ကျနော်တို့ ဘယ်နေရာသွားလုပ်မလဲ။ ဒီစနစ်ရအောင် တည်ဆောက်ပေးခဲ့တယ်။ တည်ဆောက်ပေးခဲ့ချိန်မှာ အနှောင့်အယှက်၊ အဖျက်အဆီး၊ အဟန့်အတားဆိုတာ ရှိမှာပဲ။ ရှိနေရင် ၀ိုင်းရှင်းဖို့ လိုတယ်။ ဟိုလူဒီလူကြောင့်လို့ ပြောတာတော့ သဘောမကျဘူး။”

ဒီမိုကရေစီလမ်းကြောင်းကို ကူးပြောင်းနေချိန်မှာ အဖျက်အမှောင့်လုပ်ငန်းတွေ၊ အဓိကရုဏ်းတွေဟာ လူအုပ်စုတခုကနေ ရည်ရွယ်ချက်ရှိရှိလုပ်နေတယ်လို့ တချို့တွေက ဝေဖန်ပြောဆိုတယ်။ အန်ကယ့်အနေနဲ့ ဘယ်လိုပြောချင်ပါလဲ။

“တကယ်လုပ်တယ်ဆိုရင်တော့ မကောင်းတဲ့ ရည်ရွယ်ချက်ပဲ။ ကျနော်လဲမကြိုက်သလို ပါတီကလည်း ကြိုက်မှာမဟုတ်ဘူး။ အစိုးရနဲ့ လွှတ်တော်လည်း ကြိုက်မယ်မထင်ဘူး။”

ပြည်ခိုင်ဖြိုးပါတီအတွင်းမှာ ဘာတွေ စိန်ခေါ်မှုတွေ ကြုံတွေ့နေရပါလဲ။ ၂၀၁၅ အတွက် ပါတီအနေနဲ့ ဘာတွေပြင်ဆင်နေလဲ သိချင်ပါတယ်။

“ပါတီဆိုတာက ပြည်သူတွေအတွက် ဖွဲ့စည်းရတာ၊ ပြည်သူအကျိုးရှိအောင် လုပ်ရတယ်။ အကျိုးရှိအောင်ဆိုတာ အခြေအနေ၊ အချိန်အခါနဲ့ လုပ်ရတာ။ အခြေအနေမပေးရင် ကိုယ်လိုချင်တာ မဖြစ်သေးဘူးပေါ့။ ဖြစ်ချင်တာရှိတယ်၊ ဖြစ်သင့်တာရှိတယ်၊ ဖြစ်နိုင်တာရှိတယ်။ ဖြစ်နိုင်တာနဲ့ ဖြစ်သင့်တာကို ကျနော်တို့ စနေတယ်။ ဖြစ်ချင်တာကတော့ အများကြီးပေါ့။ ဒီလိုဆောင်ရွက်နေရာမှာ စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်မယ်ဆိုရင် အားလုံး တိုးတက်မှာပဲ။ ဒါကြောင့် စုစုစည်းစည်းလုပ်စေချင်တယ်။ အဲဒါရရင်ကောင်းမှာပေါ့။ အဲဒါမရသေးရင်လည်း ဒါစိန်ခေါ်မှုတရပ်လို့ ပြောလို့ရမှာပေါ့။”

မကြာသေးခင်က ဦးရွှေမန်းက သူ သမ္မတဖြစ်မယ်ဆိုရင် ဖြစ်ချင်ပါတယ်။ နောက် အဲမတိုင်ခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည်အတွက် ပိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ခွင့်ရဖို့အတွက် အာဏာရဖို့လိုတယ်။ ဒါကြောင့် သမ္မတဖြစ်ချင်တယ်လို့ ပြောခဲ့တယ်ဆိုတော့ အဲအပေါ် ဘယ်လိုသုံးသပ်မိပါလဲ။

“မှန်ပါတယ်။ သူတို့ ၂ ယောက်စလုံးက လုပ်မယ်ဆိုရင် လုပ်နိုင်တဲ့အရည်အချင်း ရှိသူတွေချည်းပါပဲ။ သို့သော်လည်း နေရာနည်းတယ်။ ပြိုင်ရမှာပေါ့။ ပြိုင်မယ်ဆိုရင် ပြည်သူအတွက် ဘယ်လောက်အကျိုးရှိအောင် လုပ်ရမလဲဆိုတာကို ကိုယ်တိုင်လုပ်ဆောင်ပြီးမှ ထဲထဲဝင်ဝင်လုပ်ပြမယ်ဆိုရင် ရမှာပေါ့။ ကျနော်ကတော့ ဘယ်လိုမှမပြောလိုပါဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013