DVB Logo
Home
မြန်မာသတင်း
ဆင်ဆာဖြတ်ခံရသဖြင့် ရုပ်သံမိန့်ခွန်းပြောမည့် အစီအစဉ် ပါတီအချို့ဖျက်သိမ်း
DVB
·
September 22, 2020
ဆင်ဆာဖြတ်ခံရသဖြင့် ရုပ်သံမိန့်ခွန်းပြောမည့် အစီအစဉ် ပါတီအချို့ဖျက်သိမ်း
Donate to DVB

မြန်မာ့ရုပ်မြင်သံကြား(MRTV)ကနေ ထုတ်လွှင့်မယ့်  နိုင်ငံရေးပါတီတချို့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မိန့်ခွန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆင်ဆာဖြတ်တဲ့အတွက် မိန့်ခွန်းပြောမယ့် အစီအစဉ်ကို ဖျက်လိုက်တယ်လို့ နိုင်ငံရေးပါတီတချို့က ပြောပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလအတွင်း နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ နိုင်ငံရေးပါတီတွေရဲ ရွေးကောက်ပွဲစည်းရုံး မဲဆွယ်မိန့်ခွန်းတွေကို ရန်ကုန်နဲ့ နေပြည်တော်မှာ  ရိုက်ကူးထုတ်လွှင့်နေတာပါ။

မြန်မာ့ရုပ်မြင်သံကြားကနေထုတ်လွှင့်မယ့် ပါတီတွေရဲ့မိန့်ခွန်းကို ဆင်ဆာဖြတ်တဲ့အဓိက အကြောင်းအရင်းနဲ့စကားလုံးတွေကတော့ ပြည်တွင်းစစ်၊ အာဏာရှင်၊ လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးစတဲ့ စကားလုံးတွေဖြစ်တယ်လို့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောပါတယ်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆင်ဆာဖြတ်တာပါဗျ။ တော်တော်ဆိုးတယ် ဒီရွေးကောက်ပွဲ ကော်မရှင်။ ဒီမိုကရေစီလို့သာပြောတယ် ဘာလွတ်လပ်ခွင့်မှ မပေးထားဘူး။ နိုင်ငံရေးပါတီတွေက စည်းလွတ်ဘောင်လွတ်ဖြစ်ရင်တော့ တမျိုးပေါ့ဗျာ။ အရေးယူပါ ရပါတယ်။ အခုက ဖွဲ့စည်းပုံကိုသုံးသပ်တာတောင် သုံးသပ်ခွင့်မပေးထားဘူး။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် စစ်အာဏာရှင်ပြန်မပေါ်လာအောင်သူတို့ကို ရွေးချယ်ပေးပါလို့ ပြောတယ်။ အဲ့ဒါမျိုးတွေ ကျနော် ထည့်ရေးထားတယ်။ အဲဒါ ကျနော်တို့ကျတော့ သူတို့ဖြတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကျတော့ လုံးဝမဖြတ်ဘူးလေ။ ကော်မရှင်ဆိုတာ သမာသမတ်ကျကျနေရမှာလေ။ အခုကော်မရှင်ကတော့ ယုံဖွယ်ရာ အကြောင်းမရှိတော့ဘူးဗျ။”

အလားတူ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ မိန့်ခွန်းကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က အချက် ၁၀ ချက်လောက်အထိထောက်ပြပြီး ဆင်ဆာဖြတ်ခဲ့တယ်လို့ ပါတီ  ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

သူတို့ပါတီအနေနဲ့ နိုင်ငံ အပြောင်းအလဲအတွက်ပြောတာကို ကန့်သတ်တယ်ဆိုရင် မြန်မာ့ ရုပ်မြင်သံကြားကနေ မိန့်ခွန်းမပြောတော့ဘဲ တခြားမီဒီယာတွေကိုပဲ အားပြုတော့မယ်လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။

“သူတို့မပြောစေချင်တာကို မပြောနဲ့။ ကျန်တာ သူတို့ပြောစေချင်တာပဲ ပြောဆိုတဲ့ အခြေအနေက ဒီမိုကရေစီအခြေအနေမဟုတ်ဘူးလို့ယူဆတယ်လေ။ အဲဒါကြောင့်မို့ ကျနော်တို့  မပြောတော့ဖို့ ဆုံးဖြတ်လိုက်တာ။ ကိုယ့်ဘာသာကိုယ် You Tube တို့ Facebok တို့ တခြားမီဒီယာ တွေကို အားကိုးပြီးတော့ ကျနော်တို့ကိစ္စကို ဆက်လုပ်ရမှာပေါ့” 

ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ကျင့်ဝတ်မှာတော့ ဘာသာရေး၊ လူမျိုးရေးနဲ့ ပတ်သက်တဲ့ စကားမျိုးတွေသုံးပြီး မဲမဆွယ်ဖို့တော့ ကန့်သတ်ထားပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ကော်မရှင်က ဆင်ဆာဖြတ်တာတွေမလုပ်ဘဲ ပါတီတွေနဲ့ ညှိနှိုင်းတာမျိုးပဲ လုပ်သင့်တယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ အဖွဲ့တချို့က သုံးသပ်ပါတယ်။

New Myanmar Foundation အဖွဲ့က မမြနန္ဒာသင်းက “ပြောခွင့်ပေးသင့်တယ်။ ပေးမပြောရင် တခြားမှာလည်းပြောလို့ရနေတာပဲလေ။ Facebook မှာလည်း ပြောလို့ရတယ်။ မီဒီယာတွေမှာလည်းပြောလို့ရတယ်။ သိပ်မထူးဘူးဆိုတော့ ကောင်းတာကတော့ ဥပဒေအရ မဟုတ်ဘဲ တချို့အရာတွေက စေ့စပ်ညှိနှိုင်းရတာတွေရှိတယ်။ ရွေးကောက်ပွဲကာလထဲမှာ ဆင်ဆာကိစ္စတွေကတော့ တတ်နိုင်သလောက်နည်းတာကောင်းပါတယ်”

သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွှန့် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီပါတီသစ် (NNDP)ကလည်း မဲဆွယ်ဟောပြောမိန့်ခွန်းအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို မကြိုက်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ဟောပြောမဲဆွယ်တာ မလုပ်တော့ဘူးလို့  ဒီဗွီဘီကို ပြောထားပါတယ်။

မြန်မာ့အသံ ရေဒီယိုနှင့် ရုပ်မြင်သံကြားကနေ ဟောပြောခွင့်အတွက် နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် ညွှန်ကြားချက်တွေဟာ ကုလသမဂ္ဂ လူ့အခွင့်ကြေညာစာတမ်းမှာပါတဲ့ လွတ်လပ်စွာ ယူဆပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ မညီညွတ်ဘူးလို့လည်း ပါတီကနေ ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

အလားတူ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေရဲ့  ရုပ်သံ မဲဆွယ်မိန့်ခွန်းဟာလည်း ဆင်ဆာသုံးကြိမ်မိထားလို့ မိန့်ခွန်းတိုသွားရပြီး အရေးကြီးတဲ့ အချက်အလက်တွေ  မပါရှိသွားဘူးလို့ ပါတီ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲမိန့်ခွန်းတွေကို ဆင်ဆာဖြတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ကော်မရှင်ဘက်က ပြန်မတုံ့ပြန်ပါဘူး။

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာအသံနဲ့ ရုပ်မြင်သံကြားဌာနကတော့ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးဟောပြောချက် ရိုက်ကူးထုတ်လွှင့်မှုတွေအပေါ် ရုပ်သံမှာရော နေ့စဉ်သတင်းစာတွေမှာပါ  တည်းဖြတ်ပြင်ဆင်ခြင်း လုံးဝမရှိဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။ 

မဲဆွယ်ကာလစတင်နေပြီဖြစ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုတို့ကနေ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးဟောပြောမိန့်ခွန်းတွေ နေ့စဉ်ထုတ်လွှင့်ပေးနေပြီး  အွန်လိုင်းနဲ့ နိုင်ငံပိုင်သတင်းစာတွေကနေလည်း  ဖော်ပြပေးနေပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေ တုန်းကလည်း အလားတူ လုပ်ဆောင်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ ရွေးကောက်ပွဲကို မရွှေ့ဆိုင်းဘဲ ဆက်လက်ကျင်းပဖို့ တဖက်သတ်ဆုံးဖြတ်အတည်ပြုခဲ့တာ၊ လှည့်လည် မဲဆွယ်စည်းရုံးခွင့်ပြုထားတာ၊ မဲဆန္ဒရှင်စာရင်း အမှားများတာ၊ နိုင်ငံရေးပါတီတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုမရှိတာတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံရေးသမားတွေရဲ့ဝေဖန်မှုတွေလည်း ခံနေရပါတယ်။ 

သတင်း- ဇေယျာချမ်းအေး၊ ဓာတ်ပုံ- DPNS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013