DVB Logo
Home
ကျန်းမာရေး
ကိုဗစ်ကာလမှာ ကင်ဆာဝေဒနာသည်တွေကို ဘယ်လို စောင့်ရှောက်ကြမလဲ (ဆောင်းပါး)
DVB
·
September 22, 2020
ကိုဗစ်ကာလမှာ ကင်ဆာဝေဒနာသည်တွေကို ဘယ်လို စောင့်ရှောက်ကြမလဲ (ဆောင်းပါး)
Donate to DVB

COVID-19 ရောဂါဟာ တစ်ကမ္ဘာလုံးမှာ ကပ်ဘေးကြီးအသွင်နဲ့ ရန်မူနေတာ ၈ လ ကျော် ၉ လ နီးပါးဖြစ်လာခဲ့ပါပြီ။ အဆိုပါ ကိုဗစ်ကာလ တစ်လျှောက်လုံးမှာ ဒီရောဂါဆိုးကြောင့် သေဆုံးသူအရေအတွက်ကလည်း ၉ သိန်းကျော်လွန်လာပြီဖြစ်ပါတယ်။ ဒီထဲက ၂၈% က ကင်ဆာဝေဒနာသည်တွေပါ။

ကင်ဆာအပါအဝင် ဆီးချို၊ သွေးတိုး၊ အသက်ရှူလမ်းကြောင်းပြဿနာ၊ နှလုံး၊ ကျောက်ကပ်၊ အသည်းနဲ့ ကိုယ်ခံအားစနစ် အားနည်းသူတွေဟာ COVID-19 ရောဂါကြောင့် အသက်ပေးရသူတွေထဲမှာ အများစုဖြစ်ပါတယ်။ ကိုဗစ်ရောဂါဆိုးဟာ လူ့ရဲ့ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်တာဖြစ်တာကြောင့် ကိုယ်တွင်းမှာ ရောဂါအခံတစ်စုံတစ်ရာရှိနေရင် ရင်ဆိုင်ရပိုပြီး ခက်ခဲတာပါ။

မြန်မာနိုင်ငံဟာလည်း ကိုဗစ်ရောဂါဆိုးကို ရင်ဆိုင်နေရပြီး သေဆုံးသူတချို့လည်း ရှိလာပါတယ်။ လက်ရှိအချိန်အထိ သေဆုံးသူ ၁၂ ဦးထဲမှာ ကင်ဆာရောဂါအခံရှိသူတစ်ချို့လည်း ပါဝင်နေပါတယ်။

နဂိုကတည်းက မြန်မာနိုင်ငံဟာ ကင်ဆာဖြစ်နှုန်းမြင့်မားတဲ့တိုင်းပြည်ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ WHO က ထုတ်ပြန်တဲ့စာရင်းတွေအရ ၂၀၁၈ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ကင်ဆာရောဂါကြောင့် သေဆုံးသူ ၅ သောင်းကျော်ရှိပြီး လူနာသစ် ၇ သောင်းနီးပါးလည်း တိုးပွားလာခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ယခုကာလမှာ ကင်ဆာဝေဒနာသည်တွေကို တတ်နိုင်သမျှ ကူညီစောင့်ရှောက် ကာကွယ်ပေးနိုင်ဖို့အထူးလိုအပ်ပါတယ်။ ကင်ဆာဝေဒနာတွေဟာ ပြင်းထန်တဲ့ရောဂါတွေဖြစ်ကြပြီး ကိုဗစ်ပါကူးစက်ခံလိုက်ရရင် ထိခိုက်နိုင်ခြေက အလွန်မြင့်မားသွားတတ်တာကြောင့်ပါပဲ။

ကင်ဆာဝေဒနာရှင်တစ်ယောက်ကို ဘယ်လို ကာကွယ်စောင့်ရှောက်မလဲ


တကယ်လို့ မိမိနေအိမ်မှာ ကင်ဆာဆက်နွယ်လူနာ တစ်စုံတစ်ယောက်ရှိနေမယ်ဆိုရင် ဒါမှမဟုတ် မိမိကိုယ်တိုင် ကင်ဆာဝေဒနာသည်တစ်ယောက်ဖြစ်နေမယ်ဆိုရင် လူနာကို COVID-19 က ထိခိုက်စေနိုင်တယ်ဆိုတာကို အရင်ဆုံး သိနားလည်ထားဖို့ လိုအပ်မှာပါ။ ဒါ့အပြင် ကုသမှုတွေကလည်း ကိုယ်ခံအားစနစ်ကို နှောင့်ယှက်နိုင်ပါတယ်။

ဒါကြောင့် အောက်ပါအချက်တွေကို သိနားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

  • ကင်ဆာဝေဒနာရှိနေသူတစ်ယောက်ဟာ ကိုယ်ခံအားစနစ် အားနည်းနေနိုင်တာမို့ ကိုဗစ်ပိုး ကူးစက်ခံရဖို့ဖြစ်နိုင်ခြေ အလွန်မြင့်မားလှပါတယ်။

  • ရောဂါအဆင့်မရောက်သေးပဲ ကင်ဆာလက္ခဏာပြသနေတာမို့ စောစီးစွာ ကုသမှုခံယူနေတယ်ဆိုရင်လည်း ကုထုံးတွေကြောင့် ကိုယ်ခံအားနည်းနေနိုင်ပြီး ရောဂါဒါဏ်ကို ခံနိုင်ရည်နည်းပါးနေနိုင်တာကို သိနားလည်ထားပါ။

  • တကယ်လို့ မကြာသေးခင်ကမှ ကင်ဆာဝေဒနာကို ကျော်ဖြတ်နိုင်ခဲ့သူတစ်ယောက်ဆိုရင်လည်း ကိုယ်ခံအားစနစ်ကို ပြန်လည်တည်ဆောက်နေချိန်ဖြစ်တာမို့ ရောဂါပိုးကို ပြန်လည်တိုက်ထုတ်နိုင်စွမ်း အားနည်းနေနိုင်ပါတယ်။

  • ကင်ဆာရောဂါဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေတတ်ပါတယ်။ ဥပမာ – အဆုပ်၊ အသည်း စသည်ဖြင့်ပေါ့။ ဒီလို ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု ပြင်းထန်စွာ ထိခိုက်ထားတဲ့အချက်ကြောင့် ခန္ဓာကိုယ်က ရောဂါပိုးမွှားတွေကို တိုက်ထုတ်ရာမှာ အားနည်းသွားစေမှာပါ။

  • ကင်ဆာကုသမှုတွေဟာ ကိုယ်ခံအားစနစ်ကို အားနည်းစေတတ်ပါတယ်။ ဒါပေမယ့် ရောဂါသက်သာဖို့ မဖြစ်မနေ ကုထုံးတွေကို ခံယူရမှာလည်းဖြစ်တာကြောင့် ရောဂါကာကွယ်ရေးကို အထူးဂရုစိုက်ပြုလုပ်ဖို့၊ စိတ်အချရဆုံးဖြစ်မယ့် နည်းလမ်းကို ဆရာဝန်နဲ့တိုင်ပင် ညှိနှိုင်းပြုလုပ်ဖို့ လိုအပ်ပါတယ်။


ကာကွယ်စောင့်ရှောက်တဲ့အပိုင်းမှာတော့ အောက်ပါအချက်တွေကို လိုက်နာဖို့ လိုအပ်မှာပါ။

  • အဆုံးအစွန် မဖြစ်မနေအခြေအနေမျိုးရောက်မှသာ အိမ်ကနေ အပြင်ကိုထွက်ပါ။

  • လက်ကို မကြာခဏ ဆပ်ပြာနဲ့ဆေးပါ။ စက္ကန့် ၂၀ ကြာအောင်ဆေးပါ။

  • လူတွေကြားထဲမှာဖြစ်နေရင် အနည်းဆုံး ၆ ပေ ခွာပြီးနေပါ။ မိမိနေအိမ်ထဲကနေ အပြင်ကို သွားလာထားသူရှိနေရင် သူနဲ့ ခပ်ခွာခွာနေပါ။

  • ဖုန်း၊ ဘေစင်၊ တံခါးလက်ကိုင်၊ မီးခလုတ်စတဲ့ မကြာခဏ ထိတွေ့ကိုင်တွယ်ဖြစ်တဲ့ ပစ္စည်းတွေကို ပုံမှန်သန့်စင်ပိုးသတ်ပေးပါ။

  • မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ထိကိုင်တာကို တတ်နိုင်သမျှ ရှောင်ကျဉ်ပါ။

  • လိုအပ်တဲ့ ဆေးဝါးအာဟာရတွေကို ကြိုတင်ဝယ်ယူဖြည့်ဆည်းထားပါ။

  • မဖြစ်မနေ အပြင်သွားဖို့ အကြောင်းဖန်လာခဲ့ရင် Mask၊ Face Shield နဲ့ လက်အိတ်တွေကို ဝတ်ဆင်ပြီးမှ သွားပါ။

  • သက်ဆိုင်ရာ ဆရာဝန်နဲ့ အဆက်အသွယ်မပြတ်ရှိနေပါစေ။


ဒါ့အပြင် အောက်ပါ လက္ခဏာတွေပြသလာတာနဲ့ သက်ဆိုင်ရာ ကျန်းမာရေးဌာနဆီကို အကြောင်းကြားပြီး စောလျှင်စွာ ကုသမှု ခံယူပါ။

  • ချောင်းဆိုးတာ

  • အသက်ရှူရခက်တာ

  • ဖျားတာ

  • ချမ်းတုန်တာ

  • ကြွက်သားနာကျင်ကိုက်ခဲတာ

  • လည်ချောင်းနာတာ

  • အနံ့ခံလို့မရတော့တာတွေပါပဲ။


ကင်ဆာဝေဒနာရှိနေသူတစ်ယောက်အတွက် အလျှင်အမြန်ကုသမှုခံယူတာက အကောင်းဆုံးနည်းလမ်းဖြစ်တာမို့ မသင်္ကာစရာ လက္ခဏာတစ်စုံတစ်ရာရှိလာတာနဲ့ ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးမှုပြုလုပ်ဖို့ အလျှင်အမြန် ပြုလုပ်သင့်ပါတယ်။

ရေးသားသူ Ye Zon Aung


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013