DVB Logo
Home
မြန်မာသတင်း
သံတွဲမှာ လူအုပ်စုက ပုဒ်မ ၁၄၄ ကို ဖီဆန်ပြီး အိမ်ကို မီးတင်ရှို့
DVB
·
July 2, 2013
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့မှာ လူအုပ်စုတစုက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဖီဆန်ခဲ့ကြသလို နေအိမ်တလုံးကို မီးတင်ရှို့လိုက်ကြပါတယ်။

ဇွန် ၃၀ ရက်နေ့ ညပိုင်းက သံတွဲမြို့တဖက်ခြမ်း ဒွာရာဝတီမြို့သစ်မှာ အကြမ်းဖက်အုပ်စုတစုက နေအိမ်တွေကို ဖျက်ဆီးအကြမ်းဖက်ခဲ့ကြလို့ ည ၇ နာရီကနေ မနက် ၅ နာရီအထိ အပြင်မထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာပါ။

ဒါပေမယ့် လူအုပ်စုတစုဟာ ညမထွက်ရအမိန့်ကို ရဲရဲတင်းတင်းဖီဆန်ပြီး ဒွာရ၀တီမြို့သစ် ခ ရပ်ကွက် ၄ လမ်းက မွတ်စလင်အမျိုးသား ဦးသန်းလွင်ရဲ့ နေအိမ်ကို ဇူလိုင် ၁ ရက်နေ့ ညမှာ မီးတင်ရှို့ခဲ့ကြပါတယ်။

ကနဦးရက်ပိုင်းက အကြမ်းဖက်မီးရှို့မှုတွေကြောင့် ဦးသန်းလွင်တို့ မိသားစုအိမ်မှာမရှိခိုက် မီးရှို့ခံခဲ့ရတာလို့ သံတွဲမြို့ခံတဦးက ပြောပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက

“အိမ်က တလုံးပေါ့ခင်ဗျ။ လူနေတာမရှိတဲ့ အိမ်တလုံးကို မီးရှို့လိုက်တာပေါ့။ ကျနော်တို့ကလည်း အဲဒီအချိန်မှာ လုံခြုံရေးချနေတုန်းပေါ့။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုတော့ ဖမ်းဆီးမှုအခြေအနေကို ညွှန်ကြားထားပါတယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး သူတို့ စုံစမ်းစစ်ဆေးပြီးတော့ ဖမ်းဆီးဖို့အတွက်ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်” လို့ ဆိုပါတယ်။

မနေ့ကရော ဒီနေ့မှာပါ ရခိုင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း သံတွဲမြို့ကို ရောက်ရှိပြီး လုံခြုံရေးအတွက် အနီးကပ်ကွပ်ကဲနေကြောင်းနဲ့ အကြမ်းဖက်မှုကို မကျူးလွန်ကြဖို့လည်း သူက တိုက်တွန်းပြောဆိုပါတယ်။

“ဒီ အကြမ်းဖက်မှုကို ကျူးလွန်တယ်ဆိုတာလည်း ကောင်းတဲ့လုပ်ငန်းတော့ မဟုတ်ဘူးခင်ဗျ။ အကြမ်းဖက်မှုကို နိုင်ငံတော်အနေနဲ့လည်းလက်မခံဘူး။ ဘာသာအနေနဲ့လည်း လက်မခံတဲ့အတွက်ကြောင့် အကြမ်းဖက်မှုကို မလုပ်ပါနဲ့လို့ ကျနော်တို့အနေနဲ့ တိုက်တွန်းလိုပါတယ်။ ဥပဒေအနေအထားကတော့ ကျနော်တို့အမှုတွေကို စုံစမ်းစစ်ဆေးပြီးတော့ အမှုတွဲကို တည်ဆောက်နေပါတယ်ခင်ဗျ။”

သံတွဲမြို့က သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင်လည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သံတွဲခရိုင်ဥက္ကဋ္ဌ ဦးဝင်းနိုင်ကတော့ မနေ့ညက မီးတင်ရှို့မှုမဖြစ်ပွားခင်မှာ သံတွဲမြို့ပေါ်မှာ ကား ၂ စီးနဲ့ မော်တော်ဆိုင်ကယ်အစီး ၂၀ ခန့်ဟာ ပုဒ်မ ၁၄၄ ကို ကျော်လွန်ပြီး လမ်းပေါ်မှာ သွားလာနေတာကို အုပ်ချုပ်ရေးပိုင်းကို ပြောပေမယ့်  မတားမြစ်ခဲ့ဘူးလို့ ပြောပြပါတယ်။

“ပါဂျဲရိုး ၁ စီးနဲ့ စူပါကာစတန် ၁ စီး. မော်တော်ဆိုင်ကယ် ၂၁ စီးနဲ့ သူတို့ဟာ ၇ နာရီနောက်ပိုင်း (ပုဒ်မ ၁၄၄ ထုတ်ထားချိန်) သူတို့သွားနေတယ်။ သွားနေတာကိုလည်း ကျနော်တို့ပြောပါတယ်။ အာဏာပိုင်ကို၊ ဒါတွေသွားနေတယ်။ ဒါတွေဟာ ပြည်သူတွေ အထိတ်တလန့် ဖြစ်နေတယ်။ သူတို့တွေကို လွှတ်ထားရင် အထိတ်တလန့် ဖြစ်နေရတယ်လို့ ကျနော်တို့ကို ရုံး (သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင်များကို လုံခြုံရေးအတွက်ပေးနေသည့်  အုပ်ချုပ်ရေးပိုင်းဆိုင်ရာရုံး) ကို ဖုန်းဆက်နေတယ်ဆိုတာကို ကျနော်တို့က ပြောပြတယ်။ ဒါကို ဒီနေ့တော့ ထားလိုက်ပါဦးဗျာတဲ့။ မနက်ဖြန်မှပဲ အရေးယူမယ် ဘာညာဆိုပြီး မြို့နယ်ဦးစီးအရာရှိက ပြောတယ်။”

သံတွဲမြို့ သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ကို လွန်ခဲ့တဲ့ မတ်လတုန်းက မြို့မိမြို့ဖတွေ၊ ဌာနဆိုင်ရာတွေ၊ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေ ၄၀ ခန့်နဲ့ စုဖွဲ့ထားပြီး အခုလို အကြမ်းဖက်မီးရှို့မှုကာလမှာ ရုံးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ခွင့်ပြုထားတာလို့ ဆိုပါတယ်။

မနေ့ည မီးရှို့မှုဖြစ်ပွားစဉ်က သံတွဲမြို့မှာ ပြည်နယ်အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ်လွှတ်တော် တရားရေးဌာနက ဦးအောင်နိုင်ဦးနဲ့ စည်ပင်သာယာဝန်ကြီး ဦးလှဟန်တို့လည်း ရောက်ရှိနေချိန် ဖြစ်ပါတယ်။

ရှေ့နေများကွန်ရက်အဖွဲ့ဝင် ရှေ့နေ ဦးကိုနီက သံတွဲကိစ္စအပေါ်မှာ တာဝန်အရှိဆုံးဟာ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်ပြီး ချက်ချင်းအရေးယူဖို့ လိုအပ်တယ်လို့ ဥပဒေကြောင်းအရ ထောက်ပြပါတယ်။

“ဥပမာ မုဒိမ်းမှုဖြစ်တယ်ဆို မုဒိမ်းမှုကျူးလွန်တဲ့တရားခံကို ချက်ချင်းအရေးယူသလို၊ အိမ်ကိုမီးရှို့တယ်ဆိုရင် အဲအမှုက ထောင်ဒဏ် ၁၀ နှစ်ထိ ချလို့ရတယ်။ အင်မတန်ကြီးကျယ်တဲ့အမှု၊ ဒါလည်း အရေးယူရမယ်။ အလားတူ သူများအိမ်တွေကို ဖျက်ဆီးတယ်ဆိုရင်လည်း ဖျက်ဆီးတဲ့လူကို ချက်ချင်းအရေးယူရမယ်။ နောက်တခါ ၁၄၄ ကို ဖီဆန်တဲ့သူကိုလည်း ဖီဆန်တဲ့အမှုနဲ့ ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက် ရောက်အရေးယူသွားမယ်ဆိုရင် ပြဿနာဟာ အခုလို အကျယ်အကျယ် မငြိမ်းဖွယ် ဖြစ်လာစရာမရှိဘူး။ ဒီသံတွဲဖြစ်တာဟာ တဖြည်းဖြည်းနဲ့ကူးစက်လာတာ။ နေရာအနှံ့ ကူးစက်နေတဲ့သဘောပဲ။ နေရာအနှံ့မှာ ပြည်ထဲရေးဌာနက ဆောင်ရွက်ချက်တွေဟာ အင်မတန် အားရဖွယ်ရာ မကောင်းလောက်အောင် အားနည်းနေတဲ့အတွက် ဒီပြဿနာတွေဟာ ဆက်ကာဆက်ကာ ဖြစ်နေတယ်။”

သံတွဲမြို့ခံမွတ်စလင်တဦးက “ပုဒ်မ ၁၄၄ အပေါ်မှာ ပြည်သူလူထုအနေနဲ့ ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ ဘယ်လိုခေါ်မလဲ မွတ်စလင်က အပြင်ထွက်လာရင် ဖမ်းဆီးမယ်။ မွတ်စလင်ဆိုရင် အရေးယူတယ်။ ဗုဒ္ဓဘာသာဆိုရင် ဘယ်လောက်ပဲ အိမ်ဖျက်ဖျက်၊ ရှေ့က ပဋိပက္ခဖြစ်တဲ့မြို့နယ်တွေမှာ ကျနော်တို့က ကြုံတွေ့လာရတဲ့အခါ ဒါကို အရမ်းစိုးရိမ်မိတယ်ပေါ့” လို့ ပြောပါတယ်။

မနေ့ညက မီးရှို့မှုကို မီးသတ်ကားတွေနဲ့ သွားရောက်ငြိမ်းသတ်ခဲ့ရသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အန်တုတဲ့ မီးရှို့သူတွေအကြား တင်းမာမှုကြောင့် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရပြီး အနည်းဆုံး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဇွန် ၃၀ ရက်နေ့က ဖျက်ဆီးမီးရှို့မှု၊ ကန့်သတ်ချိန်ကျော်ပြီး ယာဉ်တန်းနဲ့ သွားလာမှု၊ အိမ်မီးရှို့မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တစုံတဦးကိုမှ ရဲက ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ သံတွဲမြို့ခံက ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် သံတွဲမြို့မှာ ကျောင်းသားမိဘတွေက ကိုယ့်ကလေးတွေကို လုံခြုံရေးအရ ကျောင်းမတက်ခိုင်းတာတွေ ဖြစ်ပွားသလို ဈေးတွေလည်း အပြည့်အ၀ မဖွင့်နိုင်တဲ့အခြေအနေ ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013