DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း ၁၆ မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အယောက် ၂၀ ရှိ
DVB
·
September 22, 2020
စစ်ကိုင်းတိုင်း ၁၆ မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အယောက် ၂၀ ရှိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နာဂဒေသအပါအဝင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲ ၁၆ မြို့နယ်မှာ  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ အယောက် ၂၀ ရှိပါတယ်။

သက်ဆိုင်ရာရဲ့ ထုတ်ပြန်ချက်တွေအရ ကလေးမြို့မှာ  ၄ ဦး၊ ကောလင်းမြို့မှာ ၂ ဦး၊ မြင်းမူ၊ မြောင်၊ အင်းတော်၊ ဒီပဲယင်း၊ အရာတော်၊ မော်လိုက်၊ ဘုတလင်၊ ဟုမ္မလင်း၊ တန့်ဆည်၊ ခင်ဦး၊ စစ်ကိုင်း၊ ရွှေဘို၊ ကသာ၊ ဝက်လက်တို့မှာ ၁ ဦးစီ တွေ့ရှိထားပါတယ်။

အစောပိုင်း ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း ဖြစ်ပွားစဉ်ကလည်း စစ်ကိုင်းတိုင်းအတွင်း ကလေးမြို့မှာ ကိုဗစ်-၁၉ လူနာ ၆ ဦးနဲ့  စစ်ကိုင်းမြို့မှာ ၃ ဦးတို့ တွေ့ရှိခဲ့ပါသေးတယ်။ ခုတကြိမ် ရောဂါပိုးကူးစက်ခံရသူ တိုးလာပေမယ့် Stay At Home သတ်မှတ်တာတွေတော့ မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက “Stay At Home က ပြည်ထောင်စုကပဲ သတ်မှတ်တာ။ လောလောဆယ်တော့ မကြေညာသေးဘူး။ စစ်ကိုင်းတိုင်းမှာ ကိုဗစ်နဲ့ပတ်သက်ပြီး ဝန်ကြီးတွေကို သူ့ခရိုင်အလိုက် စောင့်ကြည့်ဖို့ တာဝန်ခွဲဝေပေးထားတယ်။ လိုအပ်ရင် အဆင်သင့်ဖြစ်အောင် ဆေးရုံတွေ ပြင်ဆင်ခိုင်းထားတယ်။ အရင်ကတည်းက PPE တို့၊ N95 Mask တို့ကို လုံလောက်အောင် ဖြန့်ဝေပေးပြီးဖြစ်တယ်။”လို့ ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံမှာလည်း ကိုဗစ်-၁၉ ကူးစက်ခံလူနာတွေ နေ့စဉ်တိုးနေဆဲဖြစ်ကာ ကမ္ဘာမှာ ဒုတိယအများဆုံးဖြစ်နေပါတယ်။ အိန္ဒိယနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နာဂဒေသမှာတော့ အဝင်အထွက်တွေကို ပိတ်ထားပြီး ဒေသခံ မဟုတ်သူမှန်သမျှကို ကွာရန်တင်းထားပြီး စောင့်ကြည့်တာတွေ လုပ်နေတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

“နန်းယွန်းမြို့နယ်မှာ ဝင်ပေါက် ၁၃ ပေါက်ရှိတယ်။ အဲဒီကရွာတွေကို လုပ်ပိုင်ခွင့်အပြည့် ပေးထားတယ်။ ဘာလို့လဲဆိုတော့ ဝန်ထမ်းအင်အားနည်းပါးတော့ နယ်စပ်ကို သွားပြီး မစောင့်နိုင်ဘူးလေ။ အခုကတော့ အဝင်အထွက် မရှိသလောက်ပါပဲ။ ဒေသခံတွေကလည်း ပူးပေါင်းပါဝင်မှု အားကောင်းပါတယ်။ ကိုယ့်နယ်က မဟုတ်တဲ့သူမှန်သမျှ အကုန် ကွာရန်တင်းဝင်ပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကွာရန်တင်းဝင်နေသူတွေရဲ့ ဓာတ်ခွဲအဖြေကလည်း အားလုံး Negative ပဲ။ ဒေသက တောင်ပေါ်ဒေသဖြစ်တော့ သဘာဝကကို တရွာနဲ့တရွာဝေးတာ၊ တနေကုန် တောင်ယာ သွားကြတာနဲ့ဆိုတော့ Social Distancing ကလည်း ထူးပြီး ပြောစရာကို မလိုပါဘူး။ လောလောဆယ်ကတော့ အေးအေးဆေးဆေးပါပဲ။”လို့ နန်းယွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်းကနေ တခြားတိုင်းနဲ့ ပြည်နယ်တွေကို‌ ပြေးဆွဲနေတဲ့ ခရီးသည်တင် အမြန်ရေယာဉ်တွေ၊ ကားအသင်းတွေကို ပိတ်ထားကာ စားသောက်ဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့ ရောင်းချဖို့ ညွှန်ကြားထားပါတယ်။

တိုင်းအတွင်းရောဂါပိုး ကူးစက်ခံရသူတွေထဲမှာ ပြည်ပကပြန်လာသူ  တစ်ယောက်သာ ပါဝင်ပြီး ကျန်တာတွေက ပြည်တွင်း ကူးစက်မှုဖြစ်ပါတယ်။

နောက်ထပ် တွေ့ရတဲ့ ၃ ဦးထဲက  ကောလင်းမြို့နယ်က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ ရန်ကုန်တိုင်းက ပြန်လာသူဖြစ်ပြီး စစ်ကိုင်းမြို့နယ်က အသက် ၃၀ အရွယ် ပိုးတွေ့အမျိုးသမီးကတော့ မန္တလေးက ကားကုမ္ပဏီတစ်ခုမှာ အလုပ်သွားလုပ်နေတာဖြစ်ကာ အလုပ်ထဲမှာ ကိုဗစ်လူနာတစ်ဦးတွေ့ပြီး စစ်ဆေးရာက တွေ့ရှိခဲ့တာပါ။

ဝက်လက်မြို့နယ်က အသက် ၁၄ နှစ်အရွယ် ယောက်ျားလေး တစ်ဦး ကလည်း မန္တလေးကို ဆေးခန်းပြသွားရာကနေ ကိုဗစ်ပိုးကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိ ခဲ့တာပါ။

လတ်တလောမှာတော့ ပိုးတွေ့လူနာတွေနဲ့ ထိစပ်သူအားလုံးကို စာရင်းကောက်ယူကာ သီးခြားစောင့်ကြည့်တာတွေ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မော်လိုက်နဲ့ ခင်ဦးမြို့နယ်က ပိုးတွေ့လူနာတွေကလည်း တိုင်းအတွင်းမှာ  ရှိတာမဟုတ်ဘဲ ရန်ကုန်မှာ စစ်ဆေးရာကနေ တွေ့ရှိတာဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၂ ရက် မနက် ၈ နာရီ ထုတ်ပြန်ချက်အရ ရောဂါပိုးကူးစက်ခံထားရသူ အသစ် ၃၂၀ ဦး၊ စုစုပေါင်းရောဂါကူးစက်ခံထားရသူ ၆၄၇၁ ဦး၊ ပြန်လည်ကောင်းမွန်လာသူ ၁၄၄၅ ဦးနဲ့ သေဆုံးသူ အယောက် ၁၀၀ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013