
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါအတွက် အသုံးပြုဖို့ ကျပ်ငွေဘီလီယံ ၁၀၀၀ ကျော် သတ်မှတ်ထားတယ်လို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၁ ရက်ညက နိုင်ငံပိုင် ရုပ်သံကနေ ပြည်သူတွေထံ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောသွားတာပါ။
“ဘီလီယံ တစ်ထောင်ကျော်ကို ကျမတို့အနေနဲ့ သဘာဝဘေးအန္တရာယ်အတွက်ဆိုပြီး အဲဒါဒီဟာကို ကျမတို့ သတ်မှတ်လိုက်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတော့ ကိုဗစ်နဲ့ဆိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုသတ်မှတ်ထားတဲ့ငွေဟာ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ သုံးဖို့ပါ။ တခြားသဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး သုံးဖို့မဟုတ်ပါဘူး။ တခြား သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ရင် အဲဒီရန်ပုံငွေထဲမှာ သတ်သတ်ရှိပါတယ်။ အခု ဘီလီယံ တစ်ထောင်ကျော် ရွှေ့ပြောင်းလိုက်တယ်ဆိုတာ ကျမတို့ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ အကျိုးဆက်တွေအတွက်၊ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက် သုံးဖို့ဖြစ်ပါတယ်။” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံဟာ ကာကွယ်ဆေး ထုတ်လုပ်နိုင်တဲ့အခြေအနေနဲ့ ကုသဆေးထုတ်လုပ်နိုင်တဲ့အခြေအနေ မရှိသေးကြောင်း ဒါပေမဲ့ ဒီလိုဆေးတွေပေါ်လာတာနဲ့အမျှ အချိန်နဲ့တစ်ပြေးညီ မြန်နိုင်သလောက် မြန်မြန်ရောက်အောင် ခုကတည်းက စီစဉ်နေတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အားဖြည့်ပေးရေး အဖွဲ့ကို ကျန်းမာရေးဝန်ကြီးဟောင်း ပါမောက္ခ ဒေါက်တာကျော်မြင့် ခေါင်းဆောင်ပြီး ဖွဲ့စည်း လိုက်တယ်လို့လည်း ပြောပါတယ်။
နိုင်ငံမှာရှိတဲ့ ပြည်သူတွေအားလုံးက တတ်နိုင်သမျှ ဝိုင်းဝန်းပြီးတော့ အတူရုန်းပေးတာကို ကျေးဇူးတင်တဲ့အကြောင်း အထူးသဖြင့် ရှေ့တန်းက ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေနဲ့ Quarantine စင်တာတွေမှာ ကူညီနေတဲ့ စေတနာရှင်တွေကို ကျေးဇူးတင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေရော စေတနာ့ ဝန်ထမ်းတွေရော အင်မတန်မှ အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်ပါတယ်။ သို့သော်ငြားလည်း အရေအတွက်က အင်မတန်များတဲ့အခါကျတော့ တစ်ခါ တလေ မပြည့်စုံတာလေးတွေရှိရင် သည်းညည်းခံစေချင်ပါတယ်။ နောက်ပြီးတော့ ဒီကိစ္စလေးတွေနဲ့ ပတ်သက်လို့လည်း အားလုံးကဝိုင်းပြီး ကြီးတဲ့အမှုသေး အောင်၊ သေးတဲ့အမှုပပျောက်အောင်ဆိုပြီး အားလုံးစိတ်တွေပိုပြီး ပြေလာအောင်၊ စိတ်အင်အားတွေ တက်လာအောင် ကူညီစေချင်ပါတယ်။ သေးတဲ့အမှု ကြီးအောင် ကြီးတဲ့အမှုကိုင်တွယ်လို့မရအောင်ဆိုတဲ့ မီးလောင်ရာလေပင့် ဟာမျိုးတော့ မလုပ်ဖို့အတွက် ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။”
အခုချိန်မှာတော့ အဓိကအားဖြင့် ရန်ကုန်တိုင်းမှာ ကိုဗစ်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့ကို အားလုံး အားစိုက်လုပ်ရမယ်လို့လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
“ရန်ကုန်မှာရှိတဲ့ ပြည်သူပြည်သားတစ်ယောက်ချင်း တစ်ယောက်ချင်းဟာ ကိုယ့်ရဲ့ကျန်းမာရေးကို ကိုယ်အားစိုက်ပါ။ ကိုယ်ကျန်းမာဖို့၊ ကိုဗစ်ရောဂါ မကူးဖို့ဆိုတာ အဲဒါကိုပဲ အဓိကထားပါ။ ကိုယ်မကူးရင် ကိုယ့်ဆီကနေသူများ တွေ မကူးနိုင်ဘူး။ အဲဒီတော့ ကိုယ့်အတွက်ကိုယ်လုပ်တာဟာ သူများတွေအတွက် လုပ်တယ်ဆိုတဲ့သဘောလည်း ရောက်ပါတယ်။ ဒါကြောင့် ကျမတို့ ရန်ကုန်က ပြည်သူပြည်သားများ စိတ်ဓာတ်မကျပါနဲ့။ ရန်ကုန်သူ ရန်ကုန်သားများ သတ္တိရှိတယ်လို့ အားလုံးက ပြောကြပါတယ်။ အဲဒီတော့ မှန်ကန်တဲ့ နေရာမှာ သတ္တိရှိဖို့လိုပါတယ်။ ဒီကိုဗစ်ရောဂါကို ဖြတ်ကျော်တဲ့နေရာမှာ၊ အနိုင်ယူတဲ့နေရာမှာ သတ္တိရှိရှိနဲ့၊ ဇွဲရှိရှိနဲ့ ဆက်ပြီးတော့ လုပ်ကြပါလို့ ကျအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။”
ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တဦးချင်းလိုက်နာကြဖို့ အပြင်သွားရင် နှာခေါင်းစည်း Mask တပ်သွားဖို့၊ လက်ကို ခဏခဏဆေးဖို့၊ တခြားသူတွေနဲ့ ခပ်ခွာခွာနေဖို့၊ လူစုလူဝေးရှိတဲ့နေရာတွေကို မသွားဖို့ စတာတွေကို လိုက်နာ မယ်ဆိုရင် ကိုဗစ်ထိန်းချုပ်မှုလုပ်ငန်း ပိုမိုမြန်မြန် အောင်မြင်မှာဖြစ်တယ်လို့လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
စက်တင်ဘာ ၂၂ ရက် ဒီမနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆,၄၇၁ ယောက် ၊ သေဆုံးသူပေါင်း အယောက် ၁၀၀ ၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁,၄၄၅ ယောက်နဲ့ စောင့်ကြည့်လူနာအသစ် ၃၄၅ ယောက်ရှိပါတယ်။










