DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ စောင့်ကြည့်သံသယလူနာများကို ကုသမှုမပေးနိုင်ဟု ပုဂ္ဂလိကဆေးရုံအချို့ ကြေညာ
DVB
·
September 22, 2020
ကိုဗစ်-၁၉ စောင့်ကြည့်သံသယလူနာများကို ကုသမှုမပေးနိုင်ဟု ပုဂ္ဂလိကဆေးရုံအချို့ ကြေညာ
1 / 3
Donate to DVB

လတ်တလော တကျော့ပြန် ကူးစက်ပျံ့နှံ့မှုတွေ များပြားလာနေတဲ့ ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းကာလမှာ ကိုဗစ်-၁၉ ရောဂါသံသယရှိလူနာတွေကို ကုသမှုမပေးနိုင်ကြောင်း ရန်ကုန်မြို့၊ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတချို့က ထုတ်ပြန်ကြေညာထားပါတယ်။

စမ်းချောင်းမြို့နယ်ထဲက နာမည်ကြီးဆေးရုံတခုဖြစ်တဲ့ အာရှတော်ဝင်ဆေးရုံကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ “Covid-19 သံသယလူနာများအား လက်ခံ ကုသမှုမပြုနိုင်ခြင်းအတွက် နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာဖြင့် အကြောင်း ကြားအပ်ပါသည်”လို့ ထုတ်ပြန်ခဲ့ပါတယ်။

အခုလတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့တဲ့ အနေအထားအရ ရှိရင်းစွဲ လူနာနဲ့ လူနာရှင်တွေရဲ့  လုံခြုံရေး၊ ပြင်ပမှ ရောဂါပိုး ဝင်ရောက်မှုကင်းရှင်းရေးတွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကြောင့် ဆေးရုံသို့ ဝင်ရောက်လာတဲ့သူတိုင်းကို လိုအပ်တဲ့ မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ရာမှာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း  အာရှတော်ဝင်ဆေးရုံက မေတ္တာရပ်ခံထားပါတယ်။

အာရှတော်ဝင်ဆေးရုံမှာ အဓိကရောဂါဌာနတွေဖြစ်တဲ့ နှလုံး၊ ဦးနှောက်နှင့် အာရုံကြော၊ အရိုးအကြော၊ အထွေထွေဆေးပညာ၊ အထွေထွေခွဲစိတ်၊ မီးယပ်နှင့် ကလေး လူနာတွေကို အချိန်မရွေး ပြုစုကုသပေးနေတာမို့ လက်ရှိဆေးရုံအနေအထားအရ ကိုဗစ်- ၁၉ သံသယလူနာတွေကို လက်ခံကုသမှုမပြုနိုင်တာကို နားလည်ခွင့်လွှတ်ပေးဖို့လည်း ဆေးရုံရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကမာရွတ်မြို့နယ်ထဲက ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်ဆေးရုံကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို အတိအကျ လိုက်နာပြီး စစ်ဆေးမေးမြန်းမှုတွေကို စနစ်တကျ ပြုလုပ်ကာလိုအပ်ပါက သတ်မှတ်ထားတဲ့ သက်ဆိုင်ရာ အစိုးရဌာနတွေဆီ လွှဲပြောင်းပေးနေ ကြောင်းနဲ့ လက်ရှိအချိန်ထိ ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်ဆေးရုံကြီးမှာ  ကိုဗစ်- ၁၉ စောင့်ကြည့်လူနာတွေ၊ သံသယရှိလူနာတွေကို လက်ခံကုသပေးခြင်း မရှိသေးကြောင်း  စက်တင်ဘာလ ၂၀ ရက်နေ့က အသိပေး ထုတ်ပြန်ထားပါတယ်။

တာမွေမြို့နယ်ထဲက အာယုအင်တာနေရှင်နယ်ဆေးရုံကတော့ လက်ရှိအချိန် ကိုဗစ်-၁၉ ပိုးတွေ့ရှိတဲ့ လူနာဦးရေဟာ ရန်ကုန်မြို့မှာ ဆက်လက်များပြားတိုးပွားနေပြီး ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေ လုံလုံလောက်လောက် တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် လို အပ်ချက်တွေ ရှိနေတဲ့အတွက် အာယုကလေးမွေးကင်းစအဆောင် (Nursery Unit) မှာ ပြင်ပမှာ မွေးဖွားပြီး အဖျားရှိတဲ့ မွေးကင်းစကလေးတွေ(သို့) neonatal sepsis ခံစား နေရတဲ့ ကလေးတွေကို လက်ခံကုသပေးမှာမဟုတ်ကြောင်း စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

     တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဒီမနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၆,၄၇၁ ယောက်နဲ့ သေဆုံးသူပေါင်  အယောက် ၁၀၀   ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013