DVB Logo
Home
မြန်မာသတင်း
မြန်မာဒီမိုကရေစီရေးကို လိုက်လျောညီထွေ တိုင်းတာကြရန် သမ္မတပြော
DVB
·
July 2, 2013
မြန်မာဒီမိုကရေစီရေးကို လိုက်လျောညီထွေ တိုင်းတာကြရန် သမ္မတပြော
Donate to DVB

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ရေးသားကြရာမှာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ သံသယကြီးမားမှုနဲ့ အကဲဆတ်မှုကို ထည့်သွင်းစဉ်းစားကြဖို့၊ နိုင်ငံရေးဖြစ်ထွန်းမှုတွေနဲ့ ဒီမိုကရေစီအရေး တည်ဆောက်တာတွေကို ၂၆ လသာ သက်တမ်းရှိသေးတဲ့ ကာလနဲ့ လိုက်လျောညီထွေရှိမယ့် တိုင်းတာမှုမျိုး ဖြစ်သင့်ကြောင်း သမ္မတဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။

ဇူလိုင် ၂ ရက်နေ့က အစိုးရပိုင်ရေဒီယိုအသံလွှင့်ဌာနတွေနဲ့ ပုဂ္ဂလိကပိုင် FM ရေဒီယိုတွေကနေတဆင့်  နိုင်ငံတ၀န်းကို ပြောကြားတဲ့မိန့်ခွန်းမှာ  နိုင်ငံတကာ မီဒီယာတွေကို သမ္မတဦးသိန်းစိန်က အခုလို ပြောဆိုလိုက်တာပါ။

“နိုင်ငံတကာ မီဒီယာများကို ပြောကြားလိုတာကတော့ ကျနော်တို့ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးများရဲ့ တခြားမျက်နှာစာတဖက်မှာ ကြီးမားသည့် စိန်ခေါ်မှုများ၊ သမိုင်းဖြစ်ရပ်များ၏ အရိပ်မည်းများနဲ့ မိမိတို့ လူ့အဖွဲ့အစည်းရဲ့ သံသယကြီးမားမှုနဲ့ အကဲဆတ် မှုများကို အစဉ်ထည့်သွင်း စဉ်းစားစေလိုကြောင်း ပြောကြားလိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ထွန်းမှုများနဲ့ ဒီမိုကရေစီအရေး တည်ဆောက်မှုများကို တိုင်းတာတဲ့အခါမှာ ၂၆ လသာ သက်တမ်းရှိသေးတဲ့ကာလနဲ့ လိုက်လျောညီထွေရှိမယ့် တိုင်းတာမှုမျိုး ဖြစ်သင့်ပါတယ်။”

၂၀၁၃ ဇူလိုင် ၁ ရက်နေ့ထုတ် တိုင်း(မ်)မဂ္ဂဇင်းရဲ့ မျက်နှာဖုံးနဲ့ ပတ်သက်ပြီး ပြည်သူ တွေအကြား အငြင်းပွားမှုတွေ၊ သဘောထားကွဲလွဲတာတွေနဲ့ စိတ်ထိခိုက်ခဲ့ရတာတွေကို ကြားသိခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

အစိုးရရဲ့ သဘောထားရပ်တည်ချက်က ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်း နေတဲ့ အစိုးရတရပ်အနေနဲ့ လူအဖွဲ့အစည်းတရပ်လုံးမှာ ပါဝင်သူအားလုံးနဲ့ ပြည်တွင်းပြည်ပ မီဒီယာတွေရဲ့ ပြောဆိုရေးသားမှုတွေထဲက မတူညီတဲ့အမြင်တွေကို နားလည်တယ်လို့လည်း သမ္မတက ပြောကြားခဲ့ပါတယ်။

“ပြည်တွင်း ပြည်ပ မီဒီယာများရဲ့ ပြောဆိုရေးသားမှုများထဲမှာ မတူညီသော သဘောထားအမြင်များကို နားလည်လက်ခံပါတယ်။ သို့သော်လည်း ကျွန်တော်တို့ မြန်မာ့ဓလေ့ထုံးစံ တရပ်အဖြစ် ခံယူထားကြတဲ့ ''မည်မျှ မှန်ကန်သော ကိစ္စရပ်ပင် ဖြစ်သော်လည်း အများအတွက် အကျိုးမရှိပါက ပြောကြားရန် မသင့်'' ဆိုတဲ့ အဆုံးအမအတိုင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့်တို့ကို ကျင့်သုံးကြတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်း လက်ရှိရောက်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ လိုက်လျောညီထွေရှိဖို့ လိုသလို အပြုသဘောဆောင်တဲ့ ကျင့်သုံးမှုများဖြစ်ဖို့ လိုအပ်တယ်လို့လည်း အလေးအနက် ခံယူထား ပါတယ်။”

သမ္မတဦးသိန်းစိန်က လက်ရှိဆောင်ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ပြောကြားရာမှာလည်း ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ ရှမ်း၊ ကရင်နဲ့ ကရင်နီ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက် ဆောင်ရွက်နေကြောင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူဖြစ်မယ့် ယုံကြည်မှု တည်ဆောက်တာကို တိုးမြှင့်နိုင်ခဲ့တဲ့အကြောင်းလည်း ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ်ကို နေပြည်တော်မှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်တာဟာ ဂုဏ်ယူစရာကောင်းတဲ့အကြောင်းလည်း မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

ဒါပေမယ့် မလေးရှားမှာ မြန်မာနိုင်ငံသားတွေ တိုက်ခိုက်ခံရတဲ့ကိစ္စကိုတော့ ထိခိုက်နာကျင်ခံစားရတဲ့ မိသားစုတွေနဲ့ အတူ ၀မ်းနည်းတဲ့အကြောင်း အခုလို ပြောပါတယ်။

“ကျနော့်အနေနဲ့ ထိခိုက်နာကျင်ခဲ့ရတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ကြရတဲ့ မိသားစုများနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းမိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ဒီဖြစ်ရပ်ကနေ ကျနော်တို့အနေနဲ့ သင်ခန်းစာအဖြစ် ရယူရမယ့်ကိစ္စကတော့ နိုင်ငံတွင်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး လူတစုရဲ့အစွန်းရောက် လုပ်ရပ်တွေ၊ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေအကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်မှုတွေကြောင့် ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြထိုင်ကြရတဲ့ ကျနော်တို့ရဲ့ နိုင်ငံသားများကို မလုံခြုံမှုတွေနဲ့ စိုးရိမ်သောကတွေ ဖြစ်စေခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။”
ဒါ့အပြင် နိုင်ငံတကာအလုပ်သမားအဖွဲ့က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူမှုတွေကို ရုတ်သိမ်းပေးလိုက်ပြီး တင်းပြည့်ကျပ်ပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ် ပြုလိုက်တဲ့ အတွက် စီးပွားရေးဖွံ့ဖြိုးမှုအတွက်သာမက မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးနိုင်တော့မယ်လို့လည်း သူက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013