DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းလုပ်သားများထံမှ ဘတ်ငွေသောင်းချီယူပြီး ၁၀ နှစ်ခံတောင်ပေါ်သားကတ် ထုတ်ပေးသည့်ပွဲစား ဖမ်းဆီးခံရ 
DVB
·
September 21, 2020
ရွှေ့ပြောင်းလုပ်သားများထံမှ ဘတ်ငွေသောင်းချီယူပြီး ၁၀ နှစ်ခံတောင်ပေါ်သားကတ် ထုတ်ပေးသည့်ပွဲစား ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဝိန်းဟိုင်မြို့နယ်ထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေဆီ ကနေ ၁ ယောက်ကို ထိုင်းဘတ်ငွေ ၅၀၀၀၀ ကျော်အထိယူပြီး  ၁၀ နှစ်ခံ တောင်ပေါ်သား ကတ် လုပ်ပေးနေတဲ့ ပွဲစား ၂ ယောက်ကို တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့  The Nation TV သတင်းမှာ ဖော်ပြပါတယ်။ 

ဒီမတိုင်ခင်က ဝိန်းဟိုင်မြို့နယ်အုပ်ချုပ်ရေးရုံးမှာ ရွှေ့ပြောင်းလုပ်သားတွေဆီက ငွေတွေ မတရားယူပြီး ဆယ်နှစ်ခံတောင်ပေါ်သားကတ်လုပ်ပေးနေကြောင်း သတင်းပေးချက်ရတဲ့အတွက် ထိုင်းအစိုးရဝန်ထမ်းများ အဂတိလိုက်စားမှု ကာကွယ်တိုက်ဖျက်ရေးအဖွဲ့ကနေ အမှတ် ၅ တိုင်းဒေသ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်ခဲ့တာပါ။ 

တာဝန်ရှိသူတွေဟာ အရပ်ဝတ်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက် မနက် ၉ နာရီ လောက်ကတည်းက ဝိန်းဟိုင်မြို့နယ်အုပ်ချုပ်ရေးရုံးဝင်းထဲရောက်ရှိနေပြီး  ပွဲစားတို့ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေခဲ့ပါတယ်။  ပွဲစား ၂ ယောက်ဟာ ကတ်ပြားလုပ်ချင်တဲ့ အလုပ်သမား ၂ ယောက်ကို ကားတစ်စီးဆီခေါ်သွားပြီး လက်ဗွေနှိပ်စေခဲ့ကြောင်း၊ အဲဒီနောက် ပွဲစား ၁ ယောက်က မြို့နယ်ရုံး ထဲမှာ အပေါ်တက်လိုက် အောက်ဆင်းလိုက် အချီချီလုပ်နေပြီး ခဏအကြာ အလုပ်သမား ၂ ယောက်ကို ညနေ ၄ နာရီမှာ ပြန်လာဖို့ ချိန်းဆိုလိုက်ပါတယ်။ 

ညနေ ၄ နာရီမှာတော့ ပွဲစားဟာ ၁၀ နှစ်ခံကတ်ပြားကို လာပေးပြီး အလုပ်သမားက ငွေပေး ချေစဉ်အရပ်ဝတ်ရဲတွေက လူယောင်ပြပြီး ဖမ်းဆီးခဲ့တာပါ။ အဆိုပါ ပွဲစား ၂ ဦးမှာ နန်းလင့်နဲ့ နိုင်းကျရန်း ဆာရနိုင်းတို့ဖြစ်ပြီး  စစ်ဆေးချက်အရ သူတို့ဟာ အလုပ်သမား ၂ ဦးဆီကနေ  ကတ်လုပ်ခ ၁ ဦးကို ဘတ် ၅၅၀၀၀ နှုန်းနဲ့  ၂ ယောက်စာ ဘတ် ၁၁၀,၀၀၀  ရ ယူခဲ့ကြောင်၊ သူတို့လက်ထဲမှာလည်း နောက်ထပ် ၁၀ နှစ်ခံကတ် ၅ ခုနဲ့ ဘတ်ငွေ ၄၀၀,၀၀၀ ကျော်ကို ဖမ်းမိတယ်လို့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။ 

ပွဲစား ၂ ယောက်က သူတို့အနေနဲ့ ပွဲခကို ကတ် ၁ ခုအတွက် ဘတ် ၅၀၀၀ သာ ရကြောင်း ထွက်ဆိုခဲ့ပါတယ်။ တာဝန်ရှိသူတွေကတော့ အဆိုပါ ၁၀ နှစ်ခံကတ်တွေဟာ အမှန်ဘဲ ရုံးထဲမှာ စာရင်း ဝင်မဝင်၊  ရုံးက စီမံချက်အတိုင်းဆောင်ရွက်တာ ဟုတ်မဟုတ်နဲ့ တာဝန်ရှိသူတွေ ပါဝင်ပတ်သက်မှု ရှိမရှိကို ဆက်လက်စုံစမ်းသွားမှာဖြစ်ပြီး အစိုးရဝန်ထမ်းတွေ ပါဝင်ပတ်သက်တ ယ်ဆိုရင် လိုအပ်သလိုဆက်ပြီးအရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး  ချင်းမိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားကျန်းမာရေးနဲ့ အခွင့်အရေး ပညာပေးအစီအစဉ်  MAP Foundation က အမှုဆောင် စိုင်းဆိုင်မိန်း မန်းကွဏ်းကတော့ အဆိုပါကတ်ဟာ ထိုင်းနိုင်ငံမှာနှစ်ရှည်လများဝင်ရောက်နေထိုင်ပြီး ဆွေမျိုးနဲ့ နေရပ်လိပ်စာ အတည်တကျရှိကာ ဘာမှတ်ပုံတင်မှမရှိဖူးတဲ့သူတွေနဲ့ သူတို့သားသမီးတွေအတွက် ထုတ်ပေးတာ ဖြစ်ကြောင်း၊ ကုန်ကျငွေမှာလည်း ဘတ် တစ်ရာထက်မပိုကြောင်း၊ တကယ်လို့ မိမိဟာ အဆိုပါ ရပ်ရွာထဲမှာလည်း တကယ်မနေဘဲ ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်ထားတာ၊ နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားတာ အခြားလက်မှတ်လုပ်ထားတာဆိုရင် ဌာနဆိုင်ရာ မှာ မိမိလက်ဗွေရာ တွေပေါ်နေတာကြောင့် အဆိုပါကတ်ဟာ အပါယ်ခံရမှာဖြစ်ပြီး ငွေတွေလည်းဆုံးရှုံးမှာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ဝိန်းဟိုင်မြို့နယ်ထဲမှာ လွန်ခဲ့တဲ့ ၂၀၀၅ / ၂၀၀၆ ခုနှစ်က  ၁၀ နှစ်ခံကတ်ပေါင်း ၁၈၁၀၇ ဦး ထုတ်ပေးခဲ့ပြီး မသမာမှုတွေရှိကြောင်း ထိုင်းနိုင်ငံအထူးမှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က သိရှိတဲ့ အတွက် သွားရောက်စစ်ဆေးခဲ့ကြောင်း၊ သတ်မှတ်ချက်နဲ့မကိုက်ညီတဲ့ ကတ်ပေါင်း ၈၀၀၀ ကျော် စစ်ဆေးတွေ့ရှိလို့  အပယ်ခံရပြီး ဌာနဆိုင်ရာဝန်ထမ်းတချို့လည်း လာဘ်စားမှုနဲ့ အရေးယူခံခဲ့ရတယ်လို့ မန်နေဂျာ အွန်လိုင်း သတင်းမှာဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013