
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်မှာ ပြီးခဲ့တဲ့ နွေစပါးစိုက်ပျိုးချိန်က ဆည်ရေ ကောင်းစွာ မရရှိခဲ့တာကြောင့် တောင်သူတွေ စပါးမစိုက်ပျိုးနိုင်ခဲ့ကြတဲ့အတွက် ဇွန်လကုန်ပိုင်းကစပြီး ဆန်စက်တွေ ရပ်နားထားရတယ်လို့ ရွှေဘိုမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးငွေစိုးက ပြောပါတယ်။
ရွှေဘိုမြို့နယ် စက်မှုဇုန်မှာ ဆန်ရွေးစက်နဲ့ ဆန်စက် ၅၀ ကျော်ရှိပြီး မြို့နယ်အတွင်းမှာ ဆန်စက်ပေါင်း ၁၆၀ လောက်ရှိကာ လက်ရှိအချိန်မှာတော့ တစ်ဝက်ကျော်က ရပ်နားထားရပါတယ်။
အရင်ချိန်က အခုလို ကာလမျိုးတွေမှာ ဆန်ကြိတ်တာကို အဆိုင်းနှစ်ဆိုင်းခွဲပြီး လည်ပတ်နေ ရပေမယ့် အခုချိန်မှာတော့ တစ်ကြိမ်ပဲ လည်ပတ်ရတော့တယ်လို့ ပြည်ရွှေဘို ဆန်စက်ပိုင်ရှင် ဦးမင်းအောင်က ပြောပါတယ်။
အထူးသဖြင့် နယ်ဆန်စက်တွေဟာ နွေစပါးကိုအဓိကထားပြီး လည်ပတ်နေရတဲ့စက်တွေဖြစ်ပြီး နွေစပါးမထွက်တဲ့အတွက် နယ်ဆန်စက်တွေအားလုံးနီးပါးရပ်ထားရတာလို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက နွေစပါးပေါ်ချိန် ဇွန်လကုန်ချိန်မှ စက်တင်ဘာ၊ အောက်တိုဘာလကုန်အထိ ဆန်စက်တွေလည်ပတ်ခဲ့ပေမဲ့ အခုနှစ်မှာတော့ နွေစပါးမထွက်လို့ ပြီးခဲ့တဲ့သုံးလအတွင်း စက်မလည်နိုင်ခဲ့တဲ့အကြောင်းနဲ့ ပေါ်ဆန်းအဟောင်း ကျန်တဲ့ စပါးလက်ကျန်ပဲ လည်နေရကြောင်းလည်း ရွှေဘိုမြို့နယ် ဇီးကုန်းလေးကျေးရွာက မြတ်ပွင့်ခိုင် ဆန်စက်ပိုင်ရှင် ဒေါ်မိုးမိုးမြင့်က ပြောပါတယ်။
အရင်နှစ်တွေတုန်းက နွေစပါးက အထွက်နှုန်းကောင်းပြီး တစ်ဧကကို တင်း ၁၂၀ ကနေ ၁၅၀ ထိ ထွက်တာကြောင့် ဆန်စက်တွေရော တောင်သူတွေပါအလုပ်အကိုင်အဆင်ပြေခဲ့ပေမဲ့ အခုချိန်မှာတော့ နွေစပါး မစိုက်ပျိုးရတဲ့အတွက် တောင်သူတွေလည်း ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။
ရွှေဘိုခရိုင်အတွင်းမှာ အရင်နှစ်တွေက စိုက်ဧကသုံးသိန်းခွဲကျော် စိုက်ပျိုးနိုင်ပြီး ပြီးခဲ့တဲ့ နွေစပါးစိုက်ပျိုးချိန်မှာ သဖန်းဆိပ်ဆည်ရေ နည်းနေတဲ့အတွက် နွေစပါးစိုက်ပျိုးရေ အလုံအလောက်မပေးဝေနိုင်တော့တာကြောင့် တခြား အစားထိုး သီးနှံတွေ စိုက်ပျိုးခဲ့ရတယ်လို့ ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။










