မိုးကုတ်ဆရာတော်ဘုရားကြီး၏ လှိုဏ်ဂူသွားလမ်း ပြိုကျ
DVB
·
September 21, 2020
မန္တလေးတိုင်း၊ မိုးကုတ်မြို့ သဖန်းပင်ရွာမှာရှိတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ လှိုဏ်ဂူကို သွားတဲ့လမ်းဟာ စက်တင်ဘာ ၁၆ ရက်မနက်က အနက်ပေ ၁၀၀၀ လောက်ထိ ပြိုကျခဲ့ပြီး အဲဒီလမ်းကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြန်လည်ပြုပြင်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြိုကျတဲ့နေရာမှာ အလျားပေ ၂၀ အရှည် ပေ ၆၀ လောက်အထိ ကျွံကျခဲ့တာဖြစ်ပြီး တခြားကျေးရွာကို သွားတဲ့လမ်းလည်းဖြစ်တာကြောင့် လမ်းကို လတ်တလော ပိတ်ထားကာ အန္တရာယ်ဇုန် အဖြစ်သတ်မှတ်ထားပါတယ်။
အခုလို ပြိုကျခဲ့ရတာဟာ လမ်းအောက်ပိုင်းမှာ ကျောက်မျက်တူး ဖော်မှုတွေကြောင့် လျိုပေါက်တွေဖြစ်နေပြီး ချောင်းရေဝင်ကာတိုက်စားခံရတဲ့အတွက် ပြိုကျမှုဖြစ်ပွားခဲ့တာလို့ ဒေသခံ တွင်းလုပ်ငန်း ကျွမ်းကျင်သူ တဦးပြောပါတယ်။
အခုလို မြေပြိုကျတဲ့နေရာကို မြို့မိမြို့ဖတွေနဲ့ ကျောက်မျက်လုပ်ငန်းရှင်အသင်း သယံဇာတ ဝန်ကြီးတို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းကုန်ကျစရိတ်ကို CSR ရန်ပုံငွေထဲက ထုတ်ပေးမှာဖြစ်ကာ ကျွမ်းကျင်ပညာရှင်တွေနဲ့ လမ်းကိုပြန်လည်ပြုပြင်သွားဖို့ ရှိနေပါတယ်။
သတင်း - ဟန်နာထက်အောင် (CJ)