DVB Logo
Home
မြန်မာသတင်း
စစ်ပြေးဒုက္ခသည်များအတွက် ဆန်အိတ်များ ရောက်ရှိ
DVB
·
July 1, 2013
Donate to DVB

ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေအတွက် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက လှူဒါန်းလိုက်တဲ့ ဆန်အိတ်တွေ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ရဲ့ ဌာနချုပ် ၀မ်ဟိုင်းကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားမှုဦးစီးဌာန (နတလ-ရှမ်းပြည်မြောက်ပိုင်း) တာဝန်ခံကနေတဆင့် ကား ၇ စီးနဲ့ ဆန်အိတ်ပေါင်း ၂၀၀၀၊ ဇွန် ၃၀ ရက်မှာ သူတို့ဌာနချုပ်ကို ရောက်လာပြီလို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရဲ့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

“နတလကနေ ကွန်ဟိန်းမြို့ကို ကား ၇ စီးနဲ့ ပို့ပေးတယ်၊ ၀မ့်ဟိုင်းဌာနချုပ်ကို ရောက်ပြီးပြီ။ ကျနော်တို့ စာရင်းပြန်ပြုစုပြီး ဘယ်မြို့နယ်၊ ဘယ်ရွာမှာ ဘယ်လောက်ဆိုတာ ပြန်ဖြန့်မှာပါ။ ရည်မှန်းထားတာက မိုင်းရှုးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရယ်မြို့နယ်နဲ့ မိုင်းနောင်မြို့နယ် အဲ ၄ မြို့နယ်ပါ။”

သူတို့ထိန်းချုပ်နယ်မြေက စစ်ပြေးရှောင်ပြည်သူတွေဟာ တခြားဒေသတွေလို ဒုက္ခသည်စခန်းမရှိဘဲ ကျေးရွာတွေမှာ   ပျံ့နှံ့နေထိုင်တဲ့အတွက် ကျေးရွာအုပ်စုအလိုက် ဖြန့်ဝေသွားမယ်လို့ သူက ဆက်ပြောပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ အစိုးရတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ ဒီနေ့အထိ  အဲဒီမြို့နယ် ၄ ခုမှာ ရွာပုန်းရွာရှောင်တွေ ၃ သောင်းကျော်ရှိတယ်လို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

နိပွန်ဖောင်ဒေးရှင်းက သူတို့ဒေသအတွက် ဆန်အိတ် စုစုပေါင်း ၆ ထောင် လှူဒါန်းမှာ ဖြစ်ပြီး ဒီတခေါက်က ပထမအသုတ်ဖြစ်ကြောင်း၊   ဌာနချုပ်နဲ့နီးတဲ့ ကျေးရွာက ပြည်သူတွေကို အရင်ဝေငှမှာဖြစ်ပြီး နောက်အသုတ်တွေမှာတော့ ဌာနချုပ်ကို မသယ်တော့ဘဲ ဆန်ဝေမယ့် ရွာအနီးဆုံးကို သယ်ဆောင်ထားရှိမယ်လို့သူက ဆက်ပြောပါတယ်။

ဆန်တွေဟာ စူပါဒင်္ဂါးအမျိုးအစားဆန်ဖြစ်ပြီး  ကောက်ညှင်းကိုသာ အဓိကထား စားသုံးတဲ့ ရှမ်းရွာသားတွေအတွက် ချက်ပြုတ်စားသုံးဖို့ အခက်အခဲရှိကြောင်း၊ ဒါကြောင့် နောက်အသုတ်တွေမှာ ရွာသားတွေ စားသုံးနိုင်မယ့်ဆန်ကိုသာ ၀ယ်ပေးဖို့ ပြောထားကြောင်း၊ သူတို့ကလည်း  မိမိဘာသာ ရွေးချယ်ဝယ်ယူနိုင်ဖို့ စီစဉ်ပေးမယ်လို့ ပြောပါတယ်။

လှူဒါန်းတဲ့ဆန်တွေ လက်ခံရရှိကြောင်း နိပွန်ဖောင်ဒေးရှင်းကိုယ်စားလှယ်နဲ့ ငြိမ်းချမ်းရေး စင်တာက ကိုယ်စားလှယ်တွေရှေ့မှာ  ဇွန် ၂၄ ရက်နေ့က လားရှိုးမြို့မှာ သွားရောက် လက်မှတ်ထိုးခဲ့ပေမယ့်လည်း ကြားထဲမှာ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မနေ့ကမှ ဆန်တွေ ရောက်လာတာလို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ဟာ  ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် အောက်တိုဘာလက ဂျပန်နိုင်ငံမှာ နိပွန်ဖောင်ဒေးရှင်းနဲ့ တွေ့ဆုံခဲ့ပြီး ယူအန်အက်ဖ်စီ ထိန်းချုပ်နယ်မြေက စစ်ဘေးကြောင့် ဒုက္ခရောက်ခဲ့ရသူ ပြည်သူတွေအတွက် ဒေါ်လာ ၃ သန်း ကူညီပေးဖို့ သဘောတူညီမှုရခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဒေါ်လာ ၃ သန်းကို ငွေအဖြစ်နဲ့ ကူညီမှာ မဟုတ်ဘဲ ဆန်နဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးဖို့သဘောတူခဲ့တာပါ။

ယူအန်အက်ဖ်စီအဖွဲ့ထဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီအပြင် ကချင်လွတ်လပ်ရေးအဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦး၊ မွန်ပြည်သစ်ပါတီ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ ရခိုင်အမျိုးသားကောင်စီ၊ ၀ အမျိုးသားအဖွဲ့ချုပ်၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦးနဲ့ လားဟူဒီမိုကရက်တစ်သမဂ္ဂ စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013