DVB Logo
Home
မြန်မာသတင်း
လုပ်ထုံးလုပ်နည်းအရ ပီအာရ်စနစ်ကို ဆွေးနွေးနိုင်ခြင်းမရှိ
DVB
·
July 1, 2013
လုပ်ထုံးလုပ်နည်းအရ ပီအာရ်စနစ်ကို ဆွေးနွေးနိုင်ခြင်းမရှိ
Donate to DVB

အချိုးကျကိုယ်စားပြုမှုစနစ်ကို ကျင့်သုံးမယ်၊ မကျင့်သုံးဘူးဆိုတဲ့ ကိစ္စကို လက်ခံဆွေးနွေးဖို့မရှိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

၂၀၁၅ ခုနှစ်မတိုင်ခင် အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်) နဲ့ လက်ရှိ ကျင့်သုံးခဲ့တဲ့ အနိုင်ရအကုန်ယူစနစ် ၂ ခုမှာ ဘယ်နည်းကျင့်သုံးမလဲဆိုတာ ဆွေးနွေးနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြည်ထောင်စုလွှတ်တော်နာယကထံ သ၀ဏ်လွှာပေးပို့ ပန်ကြားခဲ့တဲ့အပေါ် ဆုံးဖြတ်လိုက်တာလို့ ပြည်သူ့လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“ပီအာရ်စနစ်လုပ်မလား၊ လက်ရှိ ရွေးကောက်ပွဲစနစ်ပုံစံအတိုင်းပဲ သွားမလားဆိုတာကို ၂၀၁၅ မတိုင်ခင် ဆွေးနွေးနိုင်ဖို့ပေါ့နော်။ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်နဲ့ ဆောင်ရွက်ဖို့ တောင်းခံတယ်။ ဒါပေမယ့် တင်ပြတဲ့ ပုံစံက ပြည်ထောင်စုဝန်တဦးက တင်ပြတာသော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ် တဦးက တင်ပြတာသော်လည်းကောင်း ဥပဒေ၊ နည်းဥပဒေအရ ဆောင်ရွက်ရမယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုအဆင့်ဝင်ဖြစ်လို့ တင်ပြနိုင်တယ်။ ဥပဒေလုပ်ထုံးလုပ်နည်းအရ လွှတ်တော်မှာ ဆိုပြုရမယ်။ ပြီးမှ မီဒီယာတွေမှာ ထုတ်ဖော်ရမယ်။ အခုဟာ ကြေညျာက်တစောင်လို  ဖြန့်ချိထားတဲ့ပုံသဏ္ဍာန်မျိုးဖြစ်နေလို့ ဒါကို လွှတ်တော်နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်လို့ ဒီကိစ္စကို ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ လွှတ်တော်နာယက ဆုံးဖြတ်လိုက်တယ်။”

ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး လေ့လာဆန်းစစ်မှုကော်မရှင် ဖွဲ့စည်းတဲ့အခါမှာတော့ ဒီအချက်အလက်တွေကိုလည်း လေ့လာဆန်းစစ်နိုင်တယ်လို့ ဦးခင်အောင်မြင့်က ဆုံးဖြတ်ပေးသွားတယ်လို့ ပြောပါတယ်။

ဇွန် ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ဇူလိုင်လ ၁၃ ရက်နေ့က ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက လက်ရှိ ကျင့်သုံးနေတဲ့ မဲအများဆုံး ရရှိသူကို အနိုင်ပေးတဲ့ ရွေးကောက်ပွဲစနစ် (First Past The Post- FPTP System) အစား အခြခံဒီမိုကရေစီ သဘောတရားနဲ့ ကိုက်ညီပြီး နိုင်ငံရေးအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်မယ့် စနစ်တရပ်ဖြစ်တဲ့ အချိုးကျကိုယ်စားလှယ်စနစ် (Proportional Representation-PR System) ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း အကြံပြုချက်နဲ့အတူ ရွေးကောက်ပွဲစနစ် ပြုပြင်ရေးနဲ့ ပတ်သက်တဲ့ စာတမ်းတစောင်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီ တင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အချိုးကျ ကိုယ်စားပြုစနစ်ကို တိုင်းရင်းသား ၁၅ ပါတီကတော့ ၃ ကြိမ်တိုင် အစည်းအဝေးလုပ်ပြီး ဒီစနစ်ကို မလိုလားကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မစတင်ခင်မှာ အချိုးကျကိုယ်စားပြုမှုစနစ် အပေါ် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်အဖွဲ့က တိုင်းရင်းသားပါတီ ၆ ခုကလည်း ပီအာရ်စနစ်ကို ကန့်ကွက်ကြောင်း လက်မှတ်ထိုးပြီး ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမစတင်ခင် ဦးခင်အောင်မြင့်ထံ ပေးပို့ခဲ့တယ်လို့ ကိုယ်တိုင်ပါဝင် လက်မှတ်ထိုးတင်ပြခဲ့တဲ့ လဲချားမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းမောင်တင်က ဒီဗွီဘီကို ပြောပြပါတယ်။

ဒီတိုင်းရင်းသားပါတီ ၆ ခုကတော့  ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ကယန်းပါတီတို့ ဖြစ်တယ်လို့ ဦးစိုင်းမောင်တင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013