DVB Logo
Home
မြန်မာသတင်း
နည်းပညာအခက်အခဲကြောင့် ဒေါက်တာဆိတ်ဖွားကို လွှတ်တော်က မဖော်ထုတ်နိုင်
DVB
·
July 1, 2013
နည်းပညာအခက်အခဲကြောင့် ဒေါက်တာဆိတ်ဖွားကို လွှတ်တော်က မဖော်ထုတ်နိုင်
Donate to DVB

အင်တာနက် စာမျက်နှာမှာ ဥပဒေထက်တွင် လွှတ်တော် ရှိနေသလား (Above the Law) ဆောင်းပါးနဲ့ ဝေဖန်ခဲ့သူ ဒေါက်တာဆိတ်ဖွားဆိုတာကို တိတိကျကျ ဖော်ထုတ်ဖို့ နည်းပညာ အခက်အခဲကြောင့် မဖော်ထုတ်နိုင်တဲ့အကြောင်း ပြည်ထောင်စုလွှတ်တော်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုက အင်တာနက် ၀န်ဆောင်မှုပေးတဲ့ ဂူဂဲလ်ကုမ္ပဏီရဲ့ ပူးပေါင်းဆောင်ရွက်မှုရှိမှသာ ဒေါက်တာဆိတ်ဖွားကို စုံစမ်းဖော်ထုတ်နိုင်မှာ ဖြစ်တဲ့အတွက် တိတိကျကျမဖော်ထုတ်နိုင်ဘူးလို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောဆိုတဲ့အကြောင်း ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက “လုပ်တဲ့ လက်သည်လို့ယူဆနိုင်ဖွယ်ရာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးရဲထွဋ် ကိုယ်တိုင်ကလည်း ဒါကို ငြင်းပယ်တယ်။ ဒါကို ၀န်မခံဘူး။ နောက်တခုက ဘေးက သူတို့ စစ်လိုက်သူတွေကလည်း သံသယနဲ့တော့ ဦးရဲထွဋ်လုပ်တယ်လို့ ထင်ရတယ်။ သို့သော် သူတို့လည်း အထောက်အထားနဲ့ တိတိကျကျ ပြောနိုင်တာ မရှိဘူး။

“နောက်ဆုံး နီးနီးစပ်စပ်တခုကတော့ ဒေါက်တာ ဆိတ်ဖွား ရေးတဲ့ အင်တာနက်က ဆောင်းပါးတခုကို ဘောဂဗေဒ ဦးခင်မောင်ညိုက သူအယ်ဒီတာလုပ်တဲ့ ဂျာနယ်မှာ သုံးဖူးတယ်။ သူက အဲဆောင်းပါးကို အင်တာနက်က ရတယ်။ အဲဒါကို ကူးယူပြီး ဂျီမေးလ်နဲ့ ဂျာနယ်တိုက် ပို့တယ်။ အဲလိုထွက်ဆိုတော့ နောက်ဆုံးချုပ်လိုက်တော့ ဒါနဲ့ပတ်သက်လို့ အယ်ဒီတာမှာ တာဝန်ရှိတယ်၊ သူ့ကို အရေးယူရင် ယူပါလို့ ခင်မောင်ညို(ဘောဂဗေဒ) က ၀န်ခံသွားတယ်။ ကော်မရှင်ဆုံးဖြတ်ချက်အပေါ်မှာ နာယကကတော့ ဘယ်သူဘယ်ဝါ တိတိကျကျ မဆုံးဖြတ်နိုင်ပေမယ့် သမိုင်းမှာ တနေ့နေ့ တချိန်ချိန်မှာ ပေါ်လာမှာပဲ။ အရေးယူတဲ့ကိစ္စကတော့ လွှတ်တော်သမိုင်းတွေမှာ ဆုံးဖြတ်ခဲ့တဲ့ အထောက်အထားတွေ၊ အချက်အလက်တွေကို ပြန်ပြောပြပြီး လွှတ်တော်ကလည်း သဘောထားကြီးကြီး ထားပေးဆိုတဲ့ သဘောမျိုးနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး နောင်မလုပ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်ဆိုတဲ့ သတိပေးတာနဲ့ပဲ အရေးယူတယ်ဆိုတဲ့ သဘောမျိုး ဦးခင်မောင်ညို(ဘောဂဗေဒ) ကို သတိပေးလိုက်တာပေါ့။”

လွှတ်တော်မှာ စုံစမ်းရေး ကော်မရှင်ဖွဲ့လိုက်ပြီးကတည်းက ဒေါက်တာ ဆိတ်ဖွားရဲ့ အင်တာနက် စာမျက်နှာက တစုံတရာ အသစ်တင်တာမရှိတော့သလို တောင်းပန်တဲ့ စာကိုလည်း အင်တာနက်မှာတင်တဲ့အကြောင်း ရှင်းလင်းပြောဆိုတယ်လို့ သူက ပြောပါတယ်။

ဒေါက်တာဆိတ်ဖွားရဲ့ နာမည်နဲ့ ရေးသားထားတဲ့ ဆောင်းပါးမှာ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရုံသာမက လွှတ်တော် ဥက္ကဋ္ဌနဲ့ အပေါင်းအပါတွေကိုလည်း ဝေဖန်ထားပါတယ်။

ဒီလို စွပ်စွဲရေးသားချက်ကြောင့် ပြည်ထောင်စုလွှတ်တော်က ကော်မရှင်ဖွဲ့စည်းပြီး အရေးယူပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဒီနှစ်အစောပိုင်းမှာ အရေးကြီးအဆိုတရပ်ကို တင်သွင်းခဲ့ပါတယ်။

ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးလှဆွေက ဒေါက်တာ ဆိတ်ဖွားကို ဖော်ထုတ်နိုင်ပြီ ဖြစ်တဲ့အကြောင်းနဲ့ ဘယ်သူဆိုတာ ထုတ်ဖော်ပြောရုံသာ ရှိတော့တဲ့အကြောင်း ပြီးခဲ့တဲ့မတ်လအတွင်း ဒီဗွီဘီက မေးမြန်းရာမှာ ပြောကြားခဲ့ပါတယ်။

ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ်နိုင်ဖို့ အတွက် အစိုးရ ဝန်ကြီးဌာနတွေက အရာရှိတွေနဲ့ သတင်းဂျာနယ်တွေက အယ်ဒီတာချုပ်တွေကိုလည်း ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013