DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်မြို့တွင် စစ်ဘေးရှောင်ဦးရေ များပြားလာနေ၍ နေရာအခက်အခဲဖြစ်
DVB
·
September 20, 2020
ရသေ့တောင်မြို့တွင် စစ်ဘေးရှောင်ဦးရေ များပြားလာနေ၍ နေရာအခက်အခဲဖြစ်
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင်ဦးရေ တစ်နေ့ထက်တစ်နေ့ များပြားလာနေတဲ့အတွက် စစ်ဘေးရှောင်တွေ နေထိုင်ရေးအတွက် နေရာအခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက “အခုလောလောဆယ်မှာ ရသေ့တောင်မြို့ပေါ်ကို တော်တော်များများ စစ်ဘေးရှောင်တွေ ရောက်လာကြတာ ရှိနေတယ်။ နေရာအခက်အခဲတွေ ရှိနေပါတယ်။ ဂုံတင်အလွတ်တွေမှာ နေရာချထားတာတွေ ရှိတယ်။ ICRC ကလည်း တချို့နေရာတွေမှာ ဆောက်ပေးထားတာတွေ ရှိတယ်။ အခုနောက်ပိုင်းမှာပေါ့နော် စစ်ဘေးရှောင်စခန်းတွေကို ICRC ကဖြစ်ဖြစ် အလှူရှင်တွေကဖြစ်ဖြစ် ဆောက်လုပ်လှူဒါန်းမယ်ဆိုရင်တောင် စခန်းဆောက်လုပ်မယ့်နေရာ အခက်အခဲဖြစ်နေတယ်” လို့ DVB ကို ပြောပါတယ်။

ရသေ့တောင်မြို့ပေါ်မှာ စစ်ဘေးရှောင်စခန်းတွေဖြစ်သည့် ရွှေပါရမီ၊ ကိန်းသာ၊ ဓမ္မရိပ်သာ အပါအဝင် စစ်ဘေးရှောင်စခန်း ၂၁ ခုအထိ ရှိနေပြီး လူဦးရေးသုံးသောင်းနီးပါးရှိလာတာကြောင့် ထပ်ရောက်လာတဲ့ စစ်ဘေးရှောင်တွေ နေထိုင်ရေး အခက်အခဲ ဖြစ်နေတာလို့ ဘက္ကာနှင့်ညီကိုများ ပရဟိတ္တဖောင်ဒေးရှင်းအဖွဲ့ ခေါင်းဆောင် ကိုဘက္ကက ပြောပါတယ်။

“စစ်ဘေးရှောင်တွေအတွက် ရသေ့တောင်မြို့ပေါ်မှာ နေရာလုံးဝကို မရှိတော့ပါဘူး။ မိသားစု ၁ စုနေရာမှာ မိသားစု ၃ စုနေနေရတာ။ အစကတည်းက ရခိုင်ပြည်နယ်အစိုးရအဖွဲဆီက အားကစားကွင်းအနီးတဝိုက်ကို စစ်ဘေးရှောင်စခန်းတွေဆောက်ဖို့ တောင်းဆိုခဲ့တယ် ခွင့်မပြုခဲ့ဘူး။ အခုလက်ရှိ ဘုန်းတော်ကြီးကျောင်းတွေနဲ့ စစ်ဘေးရှောင်စခန်း ၂၁ နေရာမှာ နောက်ထပ်စစ်ဘေးရှောင်လက်ခံနိုင်ဖို့ အခြေအနေမရှိတော့ပါဘူး။”

တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ ဖြစ်ပွားတာနဲ့ ကျေးရွာတွေအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကြောင့် ရေစိုးချောင်း၊ ရေဘုတ်၊ ရေမျက်၊ ကျောက်တန်း၊ သောင်းဒရင်း၊ သမီးလှအပါအဝင် ကျေးရွာပေါင်း ၄၀ ကျော်က စစ်ဘေးရှောင်တွေ ထွက်ပြေးတိမ်းရှောင်လာကြတာလို့ သိရပါတယ်။

စစ်ဘေးရှောင်တွေ နေရာအခက်အခဲ ရှိတာကြောင့် လက်ရှိမှာ နေရာသစ်ရှာဖွေပြီး စခန်သစ်တွေ ဆောက်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက ပြောပါတယ်။

“နေရာသစ်တွေရှာဖွေပြီး စခန်းသစ်တွေတည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။ မြို့နဲ့လည်း မဝေးရ၊ သောက်ရေသုံးရေ အဆင်ပြေမယ်နေရာတွေကို လွှတ်တော်အမတ်တွေနဲ့ ကွင်းဆင်းကြည့်ရှုနေတယ်” လို့ ပြောပါတယ်။

အစိုးရ ဆောက်လုပ်ပေးထားတဲ့ စစ်ဘေးရှောင်စခန်းမှာ သောင်းဒရင်းတံတားအနီးဖြစ်ပြီး တိုက်ပွဲဖြစ်နေတဲ့ ဧရိယာထဲ ပါဝင်တာကြောင့် စစ်ဘေးရှောင်များ စိုးရိမ်ပြီး မနေကြဘူးလို့ သိရပါတယ်။

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013