DVB Logo
Home
မြန်မာသတင်း
နှစ်နိုင်ငံ ကုန်သွယ်ခွင့် ကန့်သတ်မှုကြောင့် ထိုင်းက နေ့စဉ်ဘတ်သန်း ၁၀၀ ခန့် ဆုံးရှုံး
DVB
·
September 19, 2020
နှစ်နိုင်ငံ ကုန်သွယ်ခွင့် ကန့်သတ်မှုကြောင့် ထိုင်းက နေ့စဉ်ဘတ်သန်း ၁၀၀ ခန့် ဆုံးရှုံး
Donate to DVB

ထိုင်း-မြန်မာ ကုန်သွယ်ခွင့် ကန့်သတ်မှုတွေကြောင့် ထိုင်းဘက်က နေ့စဉ်ဘတ် သန်း ၁၀၀ နီးပါးဆုံးရှုံးနေပြီး မြန်မာဘက်ကတော့ လတ်တလောမှာ ဆုံးရှုံးမှု မရှိသေးပေမဲ့ ရေရှည်မှာ ထိခိုက်လာနိုင်တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားအမှတ် ၂ ပေါ်က ကုန်သွယ်ခွင့်ကို ကားအစီးရေ တစ်နိုင်ငံကို ၆ စီးသာ ဖြတ်သန်းခွင့်ပြုထားတာကြောင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှာ မော်တော်ယာဉ်ပေါင်း ၁၀၀ ကျော် ပိတ်ဆို့နေတာပါ။

ထိုင်းနိုင်ငံမြောက်ပိုင်းအနေနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု ၉၀ ရာခိုင်နှုန်းလောက် ပြတ်တောက်သွားသလိုဖြစ်တာကြောင့် နေ့စဉ် ဘတ် သန်း ၁၀၀ နီးပါးဆုံးရှုံးနေတယ်လို့ ထိုင်းနိုင်ငံ ချင်းရိုင်းကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက www.aewna.com သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“ထိုင်းကုန်သည်တွေအနေနဲ့ နေ့စဉ် ဘတ်သန်း ၈၀ နဲ့ ဘတ် ၁၀၀ နီးပါးဆုံးရှုံးနေတာပါ။ ဒါကိုအမြန်ပြေလည်ဖို့ဆိုရင် နှစ်ဖက်အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံးညှိနှိုင်းဆွေးနွေးစေချင်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပို့ကုန်ထက် သွင်းကုန်အများဆုံးရှိနေတာကြောင့် ရက်တိုမှာ ထိခိုက်မှုမရှိနိုင်ပေမယ့် ရေရှည်မှာတော့ ထိခိုက်လာနိုင်တယ်လို့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းက ညွှန်ကြားရေးမှူး ဦးစိန်ဝင်းကပြောပါတယ်။

“အခုလက်ရှိတော့ ထိုင်းနိုင်ငံလို ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိပါဘူး၊ ဘာလို့လဲဆိုတော့ ကျနော်တို့ဆီကို သွင်းကုန်အများဆုံးမို့လိုပါ။ ရေရှည်ဆိုရင်တော့ ကုန်သွယ်မှုထိခိုက်လာနိုင်ပါတယ်။ အခုလောလောဆယ် ပို့ကုန်တချို့တော့ ရပ်နားထားရတဲ့ အခြေအနေမှာတော့ ရှိပါတယ်” လို့ ပြောပါတယ်။

တာချီလိတ်ကနေ ထိုင်းနိုင်ငံကို အဓိက ပို့ကုန်အနေနဲ့ မဂ္ဂနိဒိုင်အောက်ဆိုဒ်သတ္တုအပါအဝင် ဒေသထွက်ကုန် ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ သစ်ခေါက်တို့ကို တင်ပို့နေတာဖြစ်ပေမယ့် ထိုင်းနိုင်ငံထက်စာရင် ပို့ကုန်တန်ဖိုး နိမ့်ကျနေသေးတာကြောင့် ထိခိုက်မှု မရှိနိုင်သေးတာပါ။

ဒီလို ကားအစီးအရေကန့်သတ်ပြီး ကုန်သွယ်နေရတာကြောင့် မယ်ဆိုင်မြို့မှာ ဆီဘောက်ဆာကားအပါအဝင်၊ အိမ်ဆောက်ပစ္စည်းနဲ့ ဒေသတွင်း အခြေခံစားသောက်ကုန်တွေ တင်ထားတဲ့ ကားတွေဟာ မြန်မာဘက်ခြမ်းကို ဝင်ခွင့်မရဘဲ ပိတ်ဆို့နေတာပါ။

စက်တင်ဘာ ၁၇ ရက်နေ့မှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဝန်က ထိုင်းနိုင်ငံထဲ မြန်မာနိုင်ငံသားတွေကတဆင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိအောင် ကားအစီးပေါင်း ၁၆၈ စီးသာ ဝင်ခွင့်ပြုပြီး မြန်မာနိုင်ငံသားတွေကို ဝင်ရောက်ကုန်တင်ခွင့်ကန့်သတ်လိုက်တာကြောင့် မြန်မာအာဏာပိုင်တွေက တနေ့ကို ထိုင်းကား ၆ စီး၊ မြန်မာနံပါတ်တပ်ကား ၆ စီး ပေါင်း ၁၂ စီးသာ ကုန်သွယ်ခွင့်ပြုလိုက်တာပါ။

သတင်း - ကိုဇက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013