DVB Logo
Home
မြန်မာသတင်း
မုံရွာရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် ဗကသကျောင်းသားကို မိသားစုဝင်များ တွေ့ဆုံခွင့်မရ 
DVB
·
September 18, 2020
မုံရွာရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် ဗကသကျောင်းသားကို မိသားစုဝင်များ တွေ့ဆုံခွင့်မရ 
1 / 9
Donate to DVB

မုံရွာမြို့မရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့  ဗကသကျောင်းသား ကိုလင်းသူရကို ကို မိသားစုဝင်တွေနဲ့  ဗကသကျောင်းသားတွေ၊ ဝန်းရံသူတွေက တွေ့ဆုံခွင့်ရရှိဖို့ ကြိုးစားနေပေမယ့် တွေ့ခွင့်မရသေးပါဘူး။

မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသ) အထွေထွေအတွင်းရေးမှူး လင်းသူရကို ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၇ ရက်နေ့မှာ ကလေးမြို့နယ်က နေအိမ်ကို ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ 

မုံရွာခရိုင်ဗကသကျောင်းသားဟောင်း ကိုမျိုးသက်နိုင်က “ဘယ်အစိုးရပဲပြောင်းပြောင်း နိုင်ငံရေးသမားတွေအပေါ် ကျင့်သုံးတဲ့ပုံစံက ပြောင်းလဲမသွားဘူး။ ပြီးတော့ ရုတ်တရက် အိမ်တွေကို ဝင်ဖမ်းတယ်ဆိုတာကလည်း ဟိုးအရင်တုန်းက နိုင်ငံရေးသမားတွေကို ဖမ်းဆီးတဲ့ ပုံစံပဲ။ အခုချိန်ထိလည်း တွေ့ခွင့်မရဘူး။ တွေ့ခွင့်မပေးဘူး။ အခြေအနေက ဘာမှန်းလည်း မသိရသေးဘူး။ သူ့ရဲ့ကျန်းမာရေးအခြေအနေ၊ အဝတ်တစ်ထည် ကိုယ်တခုနဲ့ ခေါ်သွားတဲ့အတွက် လိုအပ်တဲ့ အစားအစာ၊ အဝတ်အစားတို့ ပေးဖို့ ပေးခွင့်လည်း မရဘူး။ ဒါက လုံးဝမဖြစ်သင့်တဲ့ ကိစ္စလို့ပဲမြင်တယ်။”လို့ ပြောပါတယ်။

မုံရွာမြို့မှာ စက်တင်ဘာ ၁၄ ရက်က   “4G အင်တာနက်ပြန်ဖွင့်ပေးရေး”၊" ပြည်တွင်းစစ်ကို ဆန့်ကျင်ကြ”၊ "ဖမ်းဆီးခံကျောင်းသားများချက်ချင်းလွှတ်” စတဲ့ စာသားပါ စာရွက်တွေ လိုက်ကပ်ခဲ့လို့ ကိုလင်းသူရကိုအပါအဝင် မုံရွာခရိုင်ဗကသ ဥက္ကဋ္ဌ ကိုသီဟကျော်၊ မုံရွာ တက္ကသိုလ် ဗကသဥက္ကဋ္ဌ ကိုပြည့်ဖြိုးမောင်မောင်နဲ့ ဗကသအဖွဲ့ဝင်ဟောင်း ကိုညီလင်းထင်တို့ကို မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်လှိုင်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)(ခ) တို့နဲ့ တရားစွဲဆိုခဲ့တာပါ။

လက်ရှိမှာ ကိုလင်းသူရကို တစ်ယောက်ထဲကိုသာ ဖမ်းဆီးရမိထားပြီး ကျန်တဲ့ ဗကသကျောင်းသားတွေကို ဖမ်းဆီးရမိရေးအတွက် ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။

ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ မုံရွာခရိုင်ဗကသ ဥက္ကဋ္ဌ ကိုသီဟကျော်က  “ဗမူ ၅ ချက်မှာ ပါဝင်တဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် ပြည်တွင်းစစ်မရပ်သေးသရွေ့ ဒီလို လှုပ်ရှားမှုတွေ ဆက်တိုက် လုပ်နေမှာပဲ။ ရခိုင်ကိစ္စနဲ့ပတ်သက်လို့လည်း လှုပ်ရှားမှုတွေ ဆက်ရှိနေမယ်။ ဘယ်လိုပဲဖမ်းဆီးထိန်းသိမ်းတာတွေလုပ်လုပ် တစ်ဗိုလ်ကျရင် တစ်ဗိုလ်တက်ပြီး ဆက်လုပ်နေမှာပါ”လို့ ပြောပါတယ်။

အခုလို ဖမ်းဆီးတရားစွဲဆိုတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို သွားရောက်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် တရားဝင်ပြန်လည်ဖြေကြားခြင်းတော့ မရှိသေးပါဘူး။

ကိုဗစ်ကာလဖြစ်နေတဲ့အတွက်  ရဲစခန်းဝင်ပေါက်တွေကိုလည်း ပိတ်ထားကာ လုံခြုံရေး အစောင့်အကြပ်တွေ ချထားပါတယ်။ ဖမ်းဆီးခံထားရသူတွေနဲ့ အခုလို တွေ့ဆုံခွင့်မပေးတာနဲ့ပတ်သက်ပြီး ဗကသ ကျောင်းသားဟောင်းတွေ၊ လာရောက်ဝန်းရံသူတွေကတော့ တွေ့ဆုံခွင့်ရရှိရေး ဆက်လက်ကြိုးစား လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

ညအချိန်မတော် နေအိမ်တွေဝင်ရောက်ပြီး ရှာဖွေဖမ်းဆီးတာတွေ လုပ်ခဲ့တဲ့အပေါ်မှာတော့ ကန့်ကွက်ရှုတ်ချတယ်လို့ လာရောက်ဝန်းရံသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013