DVB Logo
Home
မြန်မာသတင်း
နှစ်နိုင်ငံသဘောတူညီချက်အရ စေလွှတ်ထားသည့် အလုပ်သမားအချို့ အခက်တွေ့
DVB
·
June 28, 2013
Donate to DVB

ထိုင်းမှာအလုပ်လုပ်ဖို့ ဘန်ကောက်ရောက်နေတဲ့ မြန်မာအလုပ်သမားတွေဟာ နယ်စပ်ကို အတင်းအကျပ် ခေါ်ဆောင်ခံရပြီးနောက် မြန်မာအချင်းချင်း ကယ်တင်လို့ လွတ်မြောက်ခဲ့ပါတယ်။

နှစ်နိုင်ငံသဘောတူ အလုပ်သမားငှားရမ်းခန့်ထားရေး စာချွန်လွှာ (အမ်အိုယူ) အရ ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်လာတဲ့  အလုပ်သမား ၃၆ လောက်ဟာ မြန်မာနယ်စပ်ဘက်ကို မနေ့ညက ပြန်ပို့ခံခဲ့ရတာပါ။

သူတို့ဟာ ထိုင်းနိုင်ငံကို ရောက်လာဖို့ ရွှေလမ်းဖွင့် ကုမ္ပဏီကို မြန်မာကျပ်ငွေ ၃ သိန်းခွဲပေး ဆောင်ခဲ့ရသလို ထိုင်း-မြန်မာနယ်စပ် မြ၀တီမှာ ၆ လအထိ စောင့်ဆိုင်းခဲ့ရပြီး ဧပြီလကုန်ပိုင်းမှာ ဘန်ကောက်ကို ရောက်ရှိခဲ့ကြပါတယ်။

သူတို့ကို နတ်ခွန်းစ၀မ်မှာရှိတဲ့ ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ရမယ်ဆိုပြီး စာချုပ်ပြီးခေါ်လာခဲ့ရာက အလုပ်အကိုင်မယ်မယ်ရရ မပေးတာကြောင့် ကုမ္ပဏီကို အကြိမ်ကြိမ်သွားပြောရာမှာ ကုမ္ပဏီကနေ သူတို့ကို အလုပ်သွင်းပေးမယ်ဆိုပြီး နယ်စပ်ပြန်ပို့ခဲ့တာလို့ အလုပ်သမား မမိုးသူဇာသိန်းက ပြောပါတယ်။

“မနက် ၁ နာရီလောက် ကုမ္ပဏီက ဦးမျိုးမြင့်လေးကိုယ်တိုင် ပထုံဌာနီနားလေးက ပွဲစားအိမ်မှာ ထားတယ်။ ၁ နာရီလောက် ပထုံဌာနီကိုရောက်လာပြီး အလုပ်သတ်မှတ်ဖို့ သံရုံးမှာ လက်ဗွေနှိပ်ရမယ်ဆိုပြီး ကျမတို့ကို ကား ၂ စီးနဲ့ ခေါ်တယ်။ ကားပေါ်မှာ အလုပ်သမားတွေချည်း ထည့်လွှတ်လိုက်တယ်။ လမ်းမှာ ချောင်းကြည့်တော့ သံရုံးဘက်သွားတဲ့ အနေအထားမရှိဘူး။ တောဘက်ကိုသွားမယ့် ပုံစံ၊ ဒါနဲ့ ကျမတို့လည်း ဒါမြန်မာပြည်ပြန်ပို့တာပဲ ဆိုပြီး ကားသမားကို အတင်းရပ်ခိုင်းတာ။ ကားသမားက ကျမတို့ကို လမ်းမှာချပေးခဲ့ပြီး ထွက်ပြေးသွားတယ်။”

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ကို အလုပ်သမားတွေက ဖုန်းဆက်လို့ သွားရောက်ကူညီခဲ့တာလို့ အမ်အေတီအဖွဲ့ရဲ့ ဒုတာဝန်ခံ ဦးခိုင်ကြီးက ပြောပါတယ်။

“၃ နာရီခွဲလောက်မှာ တောင်မတက်ခင် တယောက်နဲ့ တယောက် ရုန်းရုန်းဖြစ်ပြီး ကားသမားက ထွက်ပြေးသွားတယ်တဲ့။ ကျနော်တို့ကို အကြောင်းကြားတော့ အချိန်မီသွားပြီး သူတို့ရှိတဲ့နေရာကို လိုက်စုံစမ်းပြီး ကယ်လာခဲ့တယ်။”

သူတို့ကို ဘန်ကောက်ကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီး မြန်မာသံရုံးမှာ  အကူအညီ တောင်းထားတယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

အလုပ်မလုပ်ရသေးဘဲ ပြန်ပို့မယ်ဆိုရင် ထိုင်းကိုလာဖို့ ချေးလာခဲ့တဲ့ငွေတွေ မဆပ်နိုင်ဘဲ အခက်အခဲကြုံရတော့မယ်လို့ မမိုးသူဇာသိန်းက ပြောပါတယ်။

“အလုပ်ကောင်းကောင်းမွန်တခု လုပ်ချင်တယ်။ ယူလာရတဲ့ ချေးငွေတွေကလည်း အခု အတိုးရော၊ အရင်းရော ၁၀ သိန်းရှိသွားပြီ။ မြန်မာပြည်ပြန်ပို့မယ်ဆို ဘယ်လိုမှမဖြစ်ပါဘူး။ လုပ်စားစရာ မရှိဘူး။ ဘ၀ပျက်ဖို့ပဲ ရှိပြီ။”

ဒီကိစ္စနဲ့ပတ်သက်ပြီး  ရွှေလမ်းဖွင့်ကုမ္ပဏီက ဦးမျိုးမြင့်လေးကို မေးမြန်းရာမှာ ဒီအလုပ်သမားတွေကို နယ်စပ်ပြန်ပို့ရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“သူတို့လာတုန်းက ဆောက်လုပ်ရေးသမားလေးတွေ။ ဒီရောက်တော့ သူတို့မလုပ်နိုင်တော့ စက်ရုံကို ရွှေ့ပေးလိုက်တယ်။ စားသောက်ကုန်ထုတ်တဲ့ လုပ်ငန်းလေ။ အဲဒါလည်း အဲအလုပ်မကြိုက်ပြန်ဘူး။ အဲတော့ နောက်တခါရွှေ့ဖို့က အခက်အခဲဖြစ်လာတယ်။ ဒီအပေါ် ရွှေ့ဖို့က တရားဝင်မဖြစ်နိုင်တော့ဘူးဆိုတာ ကျနော်သိတယ်လေ။ ဒါကြောင့် နယ်စပ်ပြန်ပြီး တရားဝင်ပြန်ဖြစ်အောင်လုပ်ပြီး ပြန်တက်လာအောင် ရည်ရွယ်လုပ်တာပါ။”

ဒီအလုပ်သမားတွေအတွက် မြန်မာသံရုံးကနေပြီး ထောက်ခံစာထုတ်ပေးမှာဖြစ်ပြီး ဒီထောက်ခံစာနဲ့ (work permit) ပြန်လျှောက်ကြရမယ်လို့ ပြောပါတယ်။

ထိုင်း-မြန်မာ ၂ နိုင်ငံ သဘောတူ အလုပ်သမားငှား ရမ်းခန့်ထားရေး စာချွန်လွှာအရ မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို အလုပ်သမားတင်သွင်းတာ ၂၀၀၉ ခုနှစ်က စတင်ပြီး အကျိုးဆောင်ကုမ္ပဏီ ၁၂ ခုက အလုပ်သမားပို့ဆောင်နေတာပါ။

အကျိုးဆောင် ကုမ္ပဏီပေါင်း ၁၂ ခုအနေနဲ့ အမ်အိုယူအရ စေလွှတ်လိုက်တဲ့ အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ပေးနေတာ ဟုတ်မဟုတ် စိစစ်တင်ပြဖို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013