
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်မှာ Mask မတပ်သူတွေကို စက်တင်ဘာ ၁၇ ရက်နေ့ နေ့လယ်ပိုင်းကစတင်ကာ ဖမ်းဆီးအရေးယူနေပြီး ဒီပဲယင်းမြို့နယ်က ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့သူ တစ်ဦးကို Quarentine စင်တာ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
Mask မတပ်သူတွေကို ပညာပေးပြီး mask ဝေတာကို တပတ် ၃ ကြိမ်အထိ လုပ်ဆောင်ခဲ့ပြီး ခရိုင်အတွင်းမှာ ပိုးတွေ့လူနာ ရှိလာတဲ့အတွက် စည်းကမ်းပိုင်း ပိုတင်းကြပ်လိုက်တာလို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောပါတယ်။
တာဝန်ရှိသူတွေက ကားနဲ့လှည့်လည်ပြီး Mask မတပ်သူတွေကိုဖမ်းဆီး အရေးယူတာမျိုးလုပ်ဆောင်နေတာဖြစ်ပြီး mask မတပ်သူ ၁၀ ဦးကို ဖမ်းဆီးပြီး ရွှေဘိုမြို့နယ် တရာရုံးက ချမှတ်ထားတဲ့ ဒဏ်ကြေးပေးဆောင်ရမယ်လို့ ဦးမြင့်လွင်က ပြောပါတယ်။
ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်က ပိုးတွေ့လူနာနဲ့ ကားအတူစီးခဲ့တဲ့ ရွှေဘိုမြို့နယ် ဇီးတောကျေးရွာက အမျိုးသားတဦးကို စက်တင်ဘာ ၁၇ ရက်နေ့မနက်ပိုင်းက Facility Quarentine စင်တာ ပို့ဆောင်လိုက်တယ်လို့ ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါက်တာဝင်းလဲ့လဲ့ထွေးက ပြောပါတယ်။
စက်တင်ဘာ ၅ ရက်နေ့ညက ရန်ကုန်-စစ်ကိုင်း-ဆားတောင်-ရွှေဘို-မူးကမ်းကြီး ခရီးသည်တင်ကားနဲ့ ရန်ကုန်ကပြန်လာသူ အမျိုးသမီးမှာ ပိုးတွေ့ရှိခဲ့တာလို့ ဒီပဲယင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က ပြောပါတယ်။
ရွှေဘို Facility Quarantine စင်တာမှာ စုစုပေါင်း ၄၁ ဦးရှိပြီး စက်တင်ဘာ ၁၈ ရက်နေ့မှာ
ဒီပဲယင်းအတည်ပြုလူနာနဲ့ထိတွေ့သူ ၁ ဦး၊ ထိုင်းပြန် ၅ ဦး၊ အခြားပြည်တွင်းပြန် ၂၃ စုစုပေါင်း ၂၉ ဦးအား swab ယူစစ်ဆေးသွားမယ်လို့ Facility Quarantine တာဝန်ခံ ဦးစိုးမြင့်အောင်က ပြောပါတယ်။
သတင်း - ချိုသဲကြည်










