DVB Logo
Home
မြန်မာသတင်း
ရှမ်းဘာသာဖြင့် ဂျာနယ် ထုတ်ဝေမည်
DVB
·
June 28, 2013
Donate to DVB

လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာဒေသက ရှမ်းတိုင်းရင်းသားတွေအတွက် ရည်ရွယ်ပြီးတော့ ရှမ်းဘာသာနဲ့ ဂျာနယ်တစောင်ကို ဇူလိုင်မှာ စထုတ်မယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

“သျှဲန်ပိုင်း” သောင်းပြောင်းထွေလာ (သို့) သုတပဒေသာလို့ မြန်မာလို အဓိပ္ပာယ်ရတဲ့ ရှမ်းဘာသာနဲ့ ထုတ်ဝေမယ့်ဂျာနယ်ကို ဇူလိုင်လ ဒုတိယပတ်ကနေ စတင်ပြီးတော့ ၁ လကို ၂ ကြိမ် ထုတ်ဝေသွားမယ်လို့ စီစဉ်သူ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

ဒီဂျာနယ်ထုတ်ဝေဖို့ ဇွန် ၁၈ ရက်နေ့က ခွင့်ပြုချက်ရရှိခဲ့တာဖြစ်ပြီး အစိုးရက တရားဝင်ခွင့်ပြုချက်နဲ့ ရှမ်းဘာသာနဲ့ ပထမဆုံး တရားဝင်ထုတ်ဝေခွင့်ရတဲ့ ဂျာနယ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စောင်ရေ ၃၀၀၀ လောက်နဲ့ ရှမ်းစာပေကို ဖတ်ရှုနိုင်တဲ့ စာဖတ်ပရိသတ်အတွက် အဓိက ရည်ရွယ်ပြီး ထုတ်ဝေဖြန့်ချိမယ်လို့ သူက ရှင်းပြပါတယ်။

ဂျာနယ် ထုတ်ဝေရတဲ့ ရည်ရွယ်ချက်ကို ဦးစိုင်းလိတ်က “ရှမ်းလူမျိုးတွေတော်တော်များများ  အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်တဲ့ဒေသက လူတွေဆို မြန်မာစကားမတတ်ကြပါဘူး။ သူတို့ စာပေနဲ့ပတ်သတ်တဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့၊ အထွေထွေဗဟုသုတတွေ အားနည်းကြတယ်။ သူတို့တွေ ရှမ်းလိုဖတ် နားလည်မယ်ဆိုရင် သူတို့အတွက် အကျိုးရှိမယ်လို့ မြင်တယ်။ ဒါကြောင့် ရှမ်းလိုပဲ အဓိကထားပြီး ထုတ်ဝေရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

အရင် အစိုးရလက်ထက်က ရှမ်းဘာသာနဲ့ ဂျာနယ်တွေနဲ့ စာစောင်တွေ ထုတ်ဝေခွင့်ပြုဖို့ လျှောက်ထားခဲ့ပေမယ့် တရားဝင်ခွင့်ပြုချက် မရှိဘူးလို့လည်း ဆိုပါတယ်။

ဒီဂျာနယ်မှာ လက်ရှိဖြစ်ပျက်နေတဲ့ စီးပွားရေး၊ လူမှုရေးသတင်းတွေနဲ့ သုတ၊ ရသ ဆောင်းပါးတွေလည်း ထည့်သွင်းသွားမှာ ဖြစ်ပြီး ရှမ်းလူထုတွေအတွက် ချိုသာတဲ့ဈေးနှုန်းနဲ့ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။

ရှမ်းဘာသာနဲ့ ထုတ်ဝေတဲ့အတွက် ဈေးကွက်က ကျဉ်းသလို ဖြန့်ချိရာမှာ အခက်အခဲ ရှိနိုင်တယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။“လမ်းပန်းဆက်သွယ်ရေးလဲ ခက်တယ်၊ ဥပမာ ကျိုင်းတုံ-တာချီလိတ်ကိုပဲ လေယာဉ်နဲ့ သယ်မယ်ဆိုလဲ လေယာဉ်ခ မသက်သာဘူး။ ကားပဲရောက်တဲ့ အရပ်ဒေသဆိုလည်း ကားက တနေ့တရက်ထဲရောက်တဲ့ခရီး အတော်ရှားတယ်။ ဖြန့်ချိရေးက အတော်ခက်ခဲမယ်ထင်လို့ တပတ် ၁ ကြိမ် မထုတ်နိုင်ဘဲ ၂ ပတ် ၁ ကြိမ် ထုတ်ဖို့ လုပ်ရတာပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013